NUG ဘာကို ပြင်ရမလဲ
- Myat Tun Oo
- Feb 22
- 3 min read

စာရေးသူ အဝေဖန်ခံရဆုံးက စာရေးသူဟာ NUG ကို မဝေဖန်လို့ဆိုပြီးပါ။ NUG ကို ဘောမ နေတယ်ပေါ့။ NUG ကိုဝေဖန်သူအများစုက NUG က ဟိုလူအသုံးမကျဘူး ဒီလူအသုံးမကျဘူး ဟိုလူလဲရမယ် ဒီလူလဲရမယ်ပေါ့။ သူတို့ကို သေချာမေးရင်လဲ ဘယ်သူနဲ့ ဘယ်သူ့ကိုလဲရမယ်ဆိုတာ သေချာမပြောပြနိုင်ပါ။
စာရေးသူက NUG ဘာကိုပြင်ရမယ်လို့ထင်လဲ? စာရေးသူက NUG ရဲ့ ပြဿနာက လူပြဿနာမဟုတ်ဘူးလို့ထင်ပါတယ်။ NUG မှာ ထရမ့်လို Elon Musk တို့ Bensett တို့ Tulsi Gubbard တို့ JFK Jr တို့ Karsh Patel တို့ Vivak Ramaswaymy တို့ ရှိမနေပါ။ ပြောလိုတာ NUG ဝန်ကြီးအဖွဲ့ကို အစားထိုးဖို့က မြန်မာပြည်သားတွေနဲ့သာ အစားထိုးရမှာပါ။ ဥပမာ သက္ကမိုးညိုဟာ ဝေဖန်သူအဆင့်သာရှိပြီး ဒေါက်တာဇော်ဝေစိုး ခြေဖျားတောင်မမှီပါ။ နောက်ဒါက တော်လှန်ရေးလုပ်နေတာဖြစ်ပြီး သိပ်လွတ်လပ်နေတဲ့အချိန်မဟုတ်ပါ။ နောက်ပြီးတော်လှန်ရေးမှာ ရလာတဲ့အတွေ့အကြုံ လူရင်းနှီးမှုတွေက အစားထိုးရခက်ပါတယ်။ လက်ရှိ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးတင်ထွန်းနိုင်၊ မဇင်မာအောင်၊ ဒေါက်တာဆာဆာတို့ ရရှိထားတဲ့ အတွေ့အကြုံ၊ လူပုဂ္ဂိုလ်ရင်းနှီးမှုတွေဟာလဲ အစားထိုးလို့ရဖို့ခက်ပါတယ်။
ဒါဆိုဘာကိုပြင်ရမလဲ? NUG လုပ်နေတာတွေ လုပ်ခဲ့တာတွေက ယခုအချိန်အထိ မှန်နေပါတယ်။ အစပိုင်းမှာ မိမိတပ်ထောင်ဖို့အတွက် တိုင်းရင်းသားဒေသတွေသွားရတာ တပ်ပြင်ရတာ စစ်သင်တန်းပေးရတာကအစပေါ့။ သူတို့လို ဘယ်သူလုပ်နိုင်ပါ့မလဲ?
ဒါဆို ဘာပြင်ရမလဲ? ထရမ့်က နယ်စပ်ဒေသက အကူအညီအချို့ပိတ်တာတွေက NUG အတွက် မိမိမှာရှိတဲ့ အရင်းအမြစ်ကို ဘယ်မှာသုံးမလဲဆိုတာ စဉ်းစားဖို့ မီးမောင်းထိုးပြလိုက်တာပါ။ မဖြစ်မနေ ရွေးခိုင်းလိုက်တာပေါ့။
ယခုအချိန်မှာ အသံအကျယ်ဆုံး ကရင်နီ၊ ကရင်၊ ချင်းတို့က အောက်မှအထက် (bottom up federal) ဖယ်ဒရယ်ဆိုပြီး ခဏခဏအော်နေတာကို NUG အနေနဲ့ သတိပြုသင့်ပါတယ်။ ဒါကြေင့် NUG အနေနဲ့ အစိုးရအဖွဲ့နာမည်ကို မပြင်ရင်တောင် ဗမာဒေသမှာ စစ်ရေးမှသည် စစ်ရှောင်၊ ကျန်းမာရေးအထိ ပိုအာရုံစိုက်သင့်ပါတယ်။ NUG of Myanmar ခေါ်ခေါ် Burma ခေါ်ခေါ် ကြိုက်တာခေါ်နိုင်ပေမယ့် မိမိကိုယ်ကို ဗမာဒေသအုပ်ချုပ်တဲ့အစိုးရအနေနဲ့သာ ခံယူပြီး အာရုံစိုက်သင့်ပါတယ်။
ဥပမာ ကရင်ဒေသကို ဖယ်ဒရယ်အသိအမှတ်ပြုပြီး KNU ကို စီမံခွင့်ပေးရပါမယ်။ ယခုလဲ ကရင်ဒေသမှာ NUG အုပ်ချုပ်လို့မရတာ NUG လဲ သိမှာပါ။ သူ့လူမျိုး သူအုပ်ချုပ်တာက ဒုက္ခသည်မှသည် ကျန်းမာရေး၊ ပညာရေးအထိပေါ့။ ဝေဖန်ခဲ့ရင်လဲ မိမိမလုပ်ပေးနိုင်ကြောင်း ဗမာဒေသသာ အာရုံစိုက်နိုင်ကြောင်း ဝန်ခံပေးလိုက်ပါ။ ကရင်နီ၊ ချင်း ဒေသတွေကိုလဲ ထို့အတူပါဘဲ။ ဒါဆိုရင် သူတို့လိုချင်တာ ယခုထဲက ရသလိုဖြစ်သွားပြီး တန်းတူဖြစ်သွားမှာပါ။
ဒါဆို NUG က ဘာလုပ်မလဲ။ NUG အနေနဲ့ ဗမာဒေသကို အခြေခံတဲ့ အုပ်ချုပ်မှု၊ ထောက်ပံ့မှုတွေကို ယခုထက်ပိုမြှင့်တင်လုပ်ဆောင်ရပါမယ်။ NUCC ကနေ ထွက်ရပါမယ်။ ဘာကြောင့်လဲ? NUCC မှာ အနောက်ထောက်ပံ့ခံ NGO/CSO တွေများနေပါတယ်။ ချင်း၊ ကရင်နီ၊ အခြားတိုင်းရင်းသားအဖွဲ့ငယ်တွေက NUCC မှာပါသလိုဖြစ်နေပြီး NUG ထံ ဩဇာလွှမ်းဖို့လုပ်နေပေမယ့် NUG က သူတို့ဒေသတွေမှာ ဩဇာမရှိပါ။ ဒါ့ထက်ပိုဆိုးတာက NUG က ဖယ်ဒရယ်အစိုးရကြီးလိုဖြစ်သွားပြီး AA, KIA, TNLA တို့က NUG နဲ့ ဗမာအစိုးရအနေနဲ့ တန်းတူသာ ဆက်ဆံလိုကြပါတယ်။ NUG ဟာ ဗမာအစိုးရသာဆိုရင် သူတို့နဲ့ မဟာမိတ်သဘောဆက်ဆံရတာ ပိုလွယ်သွားပါမယ်။ NUG က NUCC အောက်မဟုတ်လို့ အနောက်ဩဇာခံ NGO/CSO တွေနဲ့ ရှောင်လိုသူ AA နဲ့ ဝ လက်အောက်ခံ အဖွဲ့တွေနဲ့ မဟာမိတ်သဘော ဆက်ဆံရတာ ပိုလွယ်သွားနိုင်ပါတယ်။
အဆိုပါ တန်းတူဆက်ဆံရေးရှိရင် လုပ်ရကိုင်ရပိုလွယ်သွားပါမယ်။ ဥပမာ လက်ရှိ NUG နဲ့ KIA ဆက်ဆံရေးလို AA နဲ့ ထူထောင်နိုင်ရင်၊ KNU နဲ့ ထူထောင်နိုင်ရင် ပိုအဆင်ပြေသွားနိုင်ပါတယ်။
မိမိဗမာတပ်ထဲက လက်နက်ရော လူရောယူပြီး အခြားအဖွဲ့ထံခွဲထွက်သွားရင် ပြင်းပြင်းထန်ထန် အရေးယူရပါမယ်။ ပြည်သူ့ထံကလက်နက်ယူပြီး အခြားအဖွဲ့ထံသွားတဲ့တပ်ဟာ မအလစစ်ခွေးတပ်နဲ့ အတူတူပါဘဲ။ ဒါကို ယခုထဲကမနိုင်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်သွားပါမယ်။
မိမိကတိုက်ရင်လဲ သေချာတဲ့ သဘောတူညီချက်ယူရပါမယ်။ ဥပမာ ကရင်မှာတိုက်ပြီး မိမိလူတွေအသက်နဲ့ရင်းပြီး မြဝတီကိုအုပ်ချုပ်ချိန်မှာ စောချစ်သူဖြစ်နေတာက မြင်ရတိုင်း ရင်နာရပါတယ်။ သေချာတဲ့ သဘောတူညီချက်မရရင် မိမိတပ်တွေကို မြေပြန့်ဗမာဒေသကို ရွှေ့ဖို့ စနစ်တကျ ပြင်ဆင်စဉ်းစားသင့်ပါတယ်။ သူတို့လက်ခံပေးခဲ့တာကို အသိအမှတ်ပြု ကျေးဇူးတင်ရပါမယ်။
နောက်လက်ရှိ NUG က မြန်မာတစ်နိုင်ငံလုံးဆိုရင် ဖြစ်နေတဲ့ အားနည်းချက်ကို ထောက်ပြလိုပါတယ်။ ကရင်နီဒေသမှာ၊ ကရင်ဒေသမှာ၊ ချင်းဒေသမှာဖြစ်ဖြစ် NUG ကို ကူဖို့ တောင်းကြပါတယ်။ မိမိက ဗမာဒေသအဓိကအုပ်ချုပ်တဲ့အစိုးရဆိုရင် ငွေရှာတာ၊ သုံးတာကအစ ဗမာဒေသကို အာရုံစိုက်နိုင်ပါမယ်။ ဥပမာ ချင်းမှာ ချင်းနှစ်ဖွဲ့ကြား NUG က ဝင်ထောက်ပံ့ရတာ၊ ကြားဝင်ရတာက အဆင်မပြေပါ။ NUG of Myanmar ဆိုတော့ ကြားဝင်ရမလို မဝင်ရမလို ဖြစ်နေတတ်ပါတယ်။ လက်တွေ့မှာက CB ဟာ သူ့ကိုလက်နက်ထောက်ပံ့တဲ့ AA ကို ပိုဩဇာခံမှာပါ။ လက်နက်က စကားပြောသွားပါတယ်။ လက်နက်မရှိ တပ်မရှိရင် ဩဇာမရှိပါ။
ဒါဆိုဖယ်ဒရယ်က ဘယ်လိုဖြစ်မလဲ?
ယခုအချိန်မှာ NUG အနေနဲ့ ဗမာဒေသကိုအာရုံစိုက်ပြီး မိမိနဲ့ တန်ဖိုး value တူတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တန်းတူ မဟာမိတ်သဘော တိုက်ပွဲဝင်သင့်ပါတယ်။ ဆိုလိုတာက KIA လုပ်သလို မိမိဒေသကဝင်ငွေရှာ မိမိတပ်ကိုဖြည့်တင်းပြီး မိမိနယ်မြေတွေသိမ်းနိုင်အောင် အာရုံစိုက်သင့်ပါတယ်။ ဖယ်ဒရယ်တပ်ထက် ဒုတိယကမ္ဘာစစ်က မဟာမိတ်တပ်တွေလို ဖက်ဆစ်နာဇီကိုတိုက်ဖို့ မျက်နှာမူသင့်ပါတယ်။ NUG က ဗမာဒေသမှာ အားမကောင်းရင် ဗမာဒေသမှာ တပ်တွေများစွာကွဲသွားပြီး နောက်ပိုင်းပြဿနာရှင်းရ ပိုခက်သွားပါမယ်။
NUG လိုလားဆိုတော့ ဥပမာ ကိုရီးယားက မြန်မာနိုင်ငံသားက ခိုလုံခွင့်လျှောက်ရင် သူက ရှမ်း၊ ရခိုင်၊ ကရင်ဆိုပြီးမရှိလို့ ဒီလိုနေရာမှာတော့ လိုမှာပါ။ ဒါကလဲ သူတို့က လာအကူအညီတောင်းရင် ပေးလိုက်ရုံပါဘဲ။ ဒါပေမယ့် NUG အနေနဲ့ မိမိအမာခံတွေနဲ့ ဗမာဒေသအစိုးရဖွဲ့ပြီး ဘဏ္ဍာရေးမှသည် စစ်ရေး၊ အုပ်ချုပ်ရေးတွေကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်တွေမှာ အာရုံစိုက်သင့်ပါတယ်။ မဟုတ်ဘဲ ပိုက်ဆံတွေကို မိမိကိုယ်လဲ အသိအမှတ်မပြုတဲ့ဒေသတွေမှာ ငွေကုန်ခံပြီး ဟိုမရောက်ဒီမရောက် မလုပ်ပါနဲ့။
ဒါဆိုရင် နိုင်ငံခြားရေးရော?
ယခုလဲ NUG က ထိုင်းမှာတွေ့တွေ့၊ ဂျပန်မှာတွေ့တွေ့၊ အမေရိကန်မှာတွေ့တွေ့ ကရင်၊ ကရင်နီ၊ ကချင်ကိုယ်စားလှယ်တွေက လိုက်တွေ့ကြတာ အားလုံးသိနေ မြင်နေကြတာပါ။ ဒါကြောင့် သိပ်မထူးပါဘူး။ ဒါကြောင့် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ ပြည်ပပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတွေက ဆက်လုပ်ရမှာပါ။ ယခုထက်ပို မျက်နှာပျက်စရာ မရှိပါ။ ဗမာဒေသာ ကိုယ်စားပြုလို့ ရိုကိစ္စကိုလဲ ပြောဆိုရတာ ပိုအဆင်ပြေသွားပါမယ်။
အကျဉ်းချုပ်ရရင် NUG အမည်ကို ဒီအတိုင်းထားရင်တောင် ဗမာဒေသအစိုးရကို အောက်ခြေမှာရှိတဲ့ ရွေးကောက်ခံအမတ်တွေနဲ့ တည်ထောင်ပြီး မိမိအမာခံလူများ ဦးမန်းဝင်းခိုင်သန်း၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးတင်ထွန်းနိုင်နဲ့ အခြားအမာခံလူများနဲ့ ဗမာဒေသမှာ အာဏာတည်ဆောက်ပါလို့ ပြောပါရစေ။ လက်ရှိ ယာယီသမ္မတကို ဒီအတိုင်းထားလဲရပါတယ်။ တိုင်းရင်းသားတွေဟာ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်မှာလဲ နေထိုင်ကြလို့ သူတို့ကို အစိုးရအဖွဲ့မှာ ထည့်ထားတာဟာ ဗမာတွေအတွက် ပြဿနာမရှိနိုင်ပါ။ ဒီလုပ်လုပ်ခြင်းအားဖြင့် NUG ဟာ ၂၀၀၈ ကို အခြေမခံဘဲ ဗမာဒေသကို ရွေးကောက်ခံတွေနဲ့ အုပ်ချုပ်တာကို ပြနိုင်မှာပါ။ ဒါမှသာ တော်လှန်ရေးကို အမြန်ပြီးစေ အရှိန်ပိုကောင်းစေမှာပါ။
NUG ဟာ ဗမာအစိုးရအနေနဲ့ အာရုံစိုက်ရင် အောက်ပါအကျိုးကျေးဇူးတွေရနိုင်ပါတယ်
နိုင်ငံရေး
NUCC အောက်က စီမံခန့်ခွဲတာ ခံစရာမလိုတော့ပါ။ ဒါဟာ AA, ဝ, KIA တို့နဲ့ ဗျူဟာကျ ဆက်ဆံရေးကို ထူထောင်နိုင်ဖို့ လမ်းပွင့်သွားစေနိုင်ပါတယ်။
နောက် NUG က ဗမာဒေသသာ ကိုယ်စားပြုလို့ ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်းတို့နဲ့လဲ ပွတ်တိုက်မှုနည်းသွားပြီး NUG ကလဲ ဗမာကိုယ်စားပြုပြီး bottom up federal ကို လက်တွဲလုပ်နိုင်တယ်ဆိုတာကို နိုင်ငံရေးအရ အချက်ပြလိုက်နိုင်ပါမယ်။
ဘဏ္ဍာရေး
NUG Burma အနေနဲ့ အလှူခံပြီး မိမိအလှူငွေကို ဗမာဒေသမှာသာ သုံးလို့ရသွားပါမယ်။ ဒါဟာ တကယ့်ကို တန်းတူဖြစ်သွားပါမယ်။ ဆယ်လီတွေလဲ ဗမာဒေသကိုမလှူရင် သူတို့လှူတဲ့ ဒေသအတွက်သာ သူတို့တာဝန်ခံရပါမယ်။ ဥပမာ ကရင်နီဒေသကိုလှူပြီး NUG ကို ဝေဖန်လို့ မရဘူးဆိုတာ သူတို့သိသွားပါမယ်။ ဘာလို့လဲဆိုတော့ NUG က ဗမာဒေသဆိုပြီး ဗျူဟာအရ ကိုယ််စားပြုမှုပြောင်းသွားလို့ပါ။
ပညာရေး၊ ကျန်းမာရေး၊ လူကယ်ပြန်
NUG of Burma ဖြစ်သွားလို့ နယ်စပ်မှာဘာဖြစ်ဖြစ် NUG ကိုသာဆဲသူများရဲ့ အဆဲခံရမှုကနေ သက်သာသွားပါမယ်။ NUG of Burma ဆိုလို့ ဒီအစိုးရဟာ ဗမာဒေသကိုသာ ပိုအာရုံစိုက်သွားနိုင်ပါမယ်။ ဒါဆိုရင် ပြည်သူက ယခုထက်ပိုယုံကြည်လာပြီး NUG အစိုးရ ဗမာဒေသမှာ ပိုအားကောင်းလာပါမယ်။
စစ်ရေး
NUG of Burma ဆိုရင် ဗမာဒေသကို သေချာထောက်ပံ့ လက်နက်တပ်ဆင်တာကို ယခင်ကထက် ပိုအာရုံစိုက်လုပ်နိုင်သွားပါမယ်။ အခြားဒေသက လက်နက်တောင်းလာရင် ဝင်မပါဘဲ ငါတို့က ဗမာဒေသအစိုးရဆိုပြီး အကြောင်းပြရတာ ပိုလွယ်သွားပါမယ်။ မိမိလက်နက်ယူပြီး အခြားအဖွဲ့ထံဝင်သွားတဲ့ သူများကိုတော့ လက်နက်ပြန်မအပ်ရင် သေသေချာချာ အရေးယူရပါမယ်။ NUG Burma အနေနဲ့ မိမိလူအတွက် လက်နက် မလုံလောက်ရင်လဲ သေချာအလှူခံရပါမယ်။
ယခုက အညာက မိမိလူကို လက်နက်မထောက်ပံ့နိုင်လို့ ထွက်သွားတာတွေနဲ့ ကြုံရတတ်ပါတယ်။
စာရေးသူအနေနဲ့ NUG ကို မပြောခင် စစ်တမ်းကောက်ရာမှာလဲ ၉၀% သော ဖြေဆိုသူတွေက NUG အနေနဲ့ အညာဒေသကို လက်နက်တွေ ယခုထက်ပိုထောက်ပံ့ဖို့ အာရုံစိုက်ဖို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါပေမယ့် NUG က မြန်မာတပြည်လုံးကို ကိုယ်စားပြုတယ်လို့ ခံယူထားရင် အခြားအဖွဲ့ငယ်တွေက လက်နက်အတွက် ငွေလာတောင်းရင်လဲ ပေးဖို့စဉ်းစားနေရလို့ လုပ်ရကိုင်ရ ခက်ပါမယ်။ သူတို့က NUG ထံက ငွေတောင်းပေမယ့် တကယ်က NUG ဩဇာကိုလဲ ဖယ်ဒရယ်အရဆိုပြီး လက်မခံပြန်ပါဘူး။ ဒါကြောင့် လက်ရှိက NUG အတွက်မိအေးနှစ်ခါနာပါ။
ယခု NUG ပြောင်းရမှာက လူမဟုတ်ဘဲ မဟာဗျူဟာသာ ဖြစ်ပါတယ်လို့ စာရေးသူအမြင်ကို တင်ပြပါရစေ။ မအလက ပြန်လှည့်လို့မရတဲ့လမ်းကို တစ်လမ်းသွားမောင်းနေပါတယ်။ အခွင့်သာချိန်မှာ မဟာဗျူဟာပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတာမလုပ်ဘဲ ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားဘဲ ရှိသမျှကို အညာကိုသာ ပုံအောပြီး အညာဒေသ၊ ဗမာဒေသမှာသာ မိမိတပ်၊ အုပ်ချုပ်မှု၊ ထောက်ပံ့မှု အရာအားလုံးကို အာရုံစိုက်ပါလို့ တိုက်တွန်းပါရစေ။ ဆယ်လီများလဲ ဗမာဒေသကို NUG က တဆင့် အထူးကူညီပေးကြပါ။ အောက်မှအထက်(bottom up) ဖယ်ဒရယ်မှာ အားကောင်းတဲ့ ဗမာအစိုးရကို NUG က လုပ်ဆောင်နိုင်ပါစေ။
————————————————————————————————————-
စာရေးသူအနေနဲ့ ပြည်သူ့ရွေးကောက်ခံ NLD ကိုယ်စားလှယ်များကိုသာ တင်ပြခြင်းဖြစ်ပြီး ပြည်သူ့ကိုယ်စားလှယ်များကသာ နိုင်ငံရေးအရ ဆုံးဖြတ်ရပါမယ်။ ဒီအကြောင်း နောက်ထပ်မရေးတော့ပါ။
(Disclosure - စာရေးသူအား မအလ၊ အမေရိကန်၊ တရုတ်၊ ရုရှားနှင့်အနောက်တိုင်း အစိုးရများမှထောက်ပံ့မှုမရှိသလို USAIDs နှင့် NGO များထံမှလဲ ထောက်ပံ့မှုမရှိပါ။ အနောက်တိုင်း၊တရုတ်၊ရုရှားတို့ထံမှလဲ ပညာတော်သင်ဆု ရရှိခြင်းမရှိခဲ့ပါ။ စာရေးသူသည် DASSK ထောက်ခံသူသာ ဖြစ်ပါသည်။)
Comments