top of page
Search

စစ်ကိုင်းငလျင်မှပေးသော စိန်ခေါ်မှုနှင့်အခွင့်အရေးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • 3 days ago
  • 2 min read

စစ်ကိုင်းငလျင်မှပေးသော စိန်ခေါ်မှုနှင့်အခွင့်အရေးများ

ယခုငလျင်ဟာ စစ်ကိုင်းကိုအခြေခံဖြစ်သွားလို့ စစ်ကိုင်းငလျင်လို့သာခေါ်ပါ့မယ်။ မဲလုံးပြောသလိုမခေါ်ပါ။ ပထမဆုံးက တော်လှန်ရေးအတွင်းမှာ ငလျင်လိုသဘာဝဘေးဒဏ်ကြောင့်မဟုတ်ဘဲ မအလက ခိုးဆိုးလုယက်အာဏာသိမ်းလို့ ကျဆုံးသွားသောသူများအတွက် ဝမ်းနည်းပါတယ်ဆိုတာပြောပါရစေ။ မအလသတ်လို့သေတဲ့သူတွေအတွက်ဝမ်းနည်းတာကတော့လူကသတ်လို့ပါ။ ဒါပြီးရင် သဘာဝပေးရန်‌တွေကြောင့်သေသွားသူများနဲ့စစ်တပ်စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ ကိုဗစ်နဲ့ငလျင်မှာ သေဆုံးသွားသူများအတွက်လည်းဝမ်းနည်းတယ်ဆိုတာ ပြောထားပါရစေ။

ယခု ရေးမှာက စစ်ကိုင်းငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုနဲ့အခွင့်အရေးတွေကိုရေးမှာဖြစ်လို့ငလျင်လှုပ်တာကို ဝမ်းသာတာမဟုတ်ဘဲ လက်ရှိအခြေအနေကို ပကတိအတိုင်းရေးပြမှာပါ။

မအလဟာ ငလျင်မတိုင်ခင်မှာ မန္တလေးကိုတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းနိုင်တော့မယ့်အနေအထားကနေ တရုတ်အကူအညီနဲ့ ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါအပြီးမှာပဲ မအလက ရုရှားကိုသွားပြီး ကြွက်မင်းဇာတ်ခင်းပြီးမှာ အားလုံးက အဘနိုင်ပြီဆိုပြီး ဘောမတွေအရှိန်ထနေခဲ့ကြပါတယ်။ တော်လှန်ရေးမှာရုရှား၊ အမေရိကန်၊ တရုတ်တို့ကယ်တိုင်းနိုင်တာမဟုတ်တာကို လူတိုင်းသိပေမယ့် မအလတပ်ထဲမှာတော့ ဟုတ်နိုးနိုးဖြစ်နေခဲ့ကြပါတယ်။

ဒီအိပ်မက်တွေဟာ မတ်လ၂၈ရက်မှာတော့ တကယ်မဟုတ်တော့မှန်း ဘောမတွေ‌ရော၊ နန်းတွေရော သိလိုက်ကြရပါပြီ။ အားလုံးသိတဲ့အတိုင်း ဒီမိုထိန်းချုပ်တဲ့နယ်မြေကပြည်သူတွေဟာ မအလစစ်တပ်ကနေ့စဉ်ဗုံးကြဲ မီးရှို့တဲ့ဒဏ်တွေကြောင့် မိမိတို့ကိုယ့်အိမ်တွေမှာ မနေနိုင်ဘဲ ပြေးလွှားပုန်း‌ ရှောင်နေခဲ့ရတာ လပေါင်းနှစ်ပေါင်းများစွာကြာနေခဲ့ကြပါပြီ။ စစ်ကိုင်းမကွေးမန္တလေးကစစ်ဘေးရှောင်တွေကိုကုလက မကူသလို ဘယ်နိုင်ငံကမှလည်းလာမကူကြပါ။ သူတို့ဖာသာသူတို့ ပြည်သူအချင်းချင်းသာဖေးမကူညီနေခဲ့ကြရတာပါ။

ထိုအချိန်မှာတော့ မအလထိန်းချုပ်ထားတဲ့မြို့ပေါ်တွေ အထူးသဖြင့် နေပြည်တော်က နန်းတွေနေတဲ့အဆောက်အအုံတွေ စစ်တပ်အဆောက်အအုံတွေ တိုင်းစစ်ဌာနချုပ်တွေဟာ အဆောက်အအုံထုထည်အလွန်ကြီးမားတာကြောင့် လေတပ်မရှိတဲ့ ပေါင်ငါးရာဗုံးမရှိတဲ့ အတိုက်အခံ PDF တွေအတွက် အလှန်းဝေးနေခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မအလဟာ တရုတ်နဲ့ရုရှားအကူအညီနဲ့ ပြည်သူတွေရဲ့ တော်လှန်စစ်ကို ပြန်ထိန်းနိုင်တော့မယောင် ဖြစ်ခဲ့ပါတယ်။

မတ်လ၂၈နေ့ ငလျင်လှုပ်ချိန်မှာ နေပြည်တော်က စစ်ရုံးချုပ်ထဲက နှစ်ထပ်အဆောက်အအုံတောင် ပြိုကျတာတွေဖြစ်ခဲ့ပါတယ်။ ပုံမှန်ဘာဆိုလို့ရှိရင် စစ်အဆောက်အအုံတွေက အင်မတန်ခိုင်ခံ့ရမှာအားလုံးသိမှာပါ။ ဒါပေမယ့် ဖြစ်ချင်တော့ မအလရဲ့ စစ်အင်ဂျင်နီယာတပ်က နေပြည်တော်တည်ဆောက်ချိန်မှာ လိုအပ်တာထက် အလွန်အကျွံခိုးခဲ့လို့ အားလုံးပြိုကျပျက်စီးခဲ့ပါတယ်။ မပြိုတဲ့အဆောက်အအုံကလည်း လူနေဖို့အင်မတန်ခက်ခဲသွားခဲ့ပါတယ်။ စစ်တပ်ကအဆောက်အအုံတွေတောင်ပြိုရင် သာမန်အဆောက်အအုံတွေကပြိုမှာမြေကြီးလက်ခံမလွဲပါ။ စစ်ရုံးချုပ်ထဲက မြေအောက်လှိုင်ဂူထဲမှာ ပိတ်မိနေသူတွေဟာ ယခုအချိန်ဆိုသေပြီလို့ယူဆရပါတယ်။ အထဲမှာစားနပ်ရိက္ခာရှိပေမယ့် အောက်ဆီဂျင်ပေးစနစ်တွေက ပျက်စီးသွားခဲ့ပါတယ်။ ဥမင်လိုဏ်ခေါင်းတွေရဲ့သဘောတရားက အပေါ်ကဗုံးကြဲတဲ့ဒဏ်တွေကိုခံနိုင်ပေမယ့် အောက်ကငလျင်လှုပ်တဲ့ဒဏ်ကိုကျတော့မခံနိုင်ပါ။ ဒါ့အပြင် နေပြည်တော်နဲ့အခြားစစ်ဌာနချုပ်တွေဆက်သွယ်ထားတဲ့ မြေအောက်ဆက်သွယ်ရေးစနစ်တွေကလည်း ပျက်စီးသွားခဲ့ပါတယ်။ သူတောင်မှ ဂြိုလ်တုစနစ်ကိုပြန်အားထားရတဲ့အခြေအနေ အစပိုင်းမှာ ပြန်ဖြစ်သွားခဲ့ပါတယ်။ နေပြည်တော်မှာ မထုတ်ပြန်တဲ့ ထိပ်တန်းလျှို့ဝှက်ထားတဲ့ မအလတပ်သားအလောင်းတွေစစ်မိသားစုတွေရဲ့အလောင်းတွေက ရာဂဏန်းရှိပါတယ်။ ဒါအပြင် မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုဟာလည်း ရာနဲ့ချီ ရှိပါတယ်။

သေဆုံးသူမှာ ငလျင်ဖြစ်စဉ်က ပိတ်မိလို့သေသူရှိသလို ကယ်တာနောက်ကျလို့သေသူလည်းရှိပါတယ်။ စွဲထုတ်လို့ရသူများမှာလည်း ကယ်တင်တာနောက်ကျသည့်အတွက်ကြောင့်မို့လို့ ရေဓာတ်ခန်းခြောက် ကျောက်ကပ်ပျက်ပြီး သေသွားသူလည်းများပါတယ်။ အချို့ရှင်သူက ခြေ လက်ပြတ်ပါတယ်။

သေပျောက်များတာက မအလက စီမံခန့်ခွဲမှုညံ့ဖျင်းလို့ပါ။ မအလကကယ်ဆယ်မှုကို ချက်ချင်းမလုပ်နိုင်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် ဟိုဘုရားလိုလို ဘာလို‌ လျှောက်လုပ်နေလို့ မလိုအပ်ဘဲ သူ့လူတွေလည်းသေသွားခဲ့ကြပါတယ်။

မအလစစ်တပ်အပြင် နေပြည်တော်က နန်းတွေနေတဲ့ အဆောက်အဦးတွေရုံးတွေကလည်း ပြိုကျပျက်ဆီးသွားခဲ့ပါတယ်။ ယခုငလျင်ဖြစ်သွားတာက မြေကြီးက CDM လုပ်လိုက်တဲ့ပုံစံပါ။ မြေကြီးက မအလတပ်ကို သူ့ကိုထောက်ခံတဲ့နန်းတွေကို နေပြည်တော်မှာနေလို့မရအောင် အလုပ်လုပ်လို့မရအောင်လုပ်လိုက်တာပါ။ သူတို့ဆက်အလုပ်လုပ်ရင်လည်း လေဟာပြင်ထဲမှာထဲထိုးပြီးအလုပ်လုပ်ရမယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် မအလကိုထောက်ခံသူတွေဟာလည်းစစ်ပြေးတွေလို ယာယီထဲထိုးပြီးနေရတဲ့ဘဝကို ချက်ချင်းရောက်သွားခဲ့ကြပါတယ်။ သူတို့ပြည်သူတွေအိမ်တွေကိုမီးရှို့သလို နေစရာမရှိအောင်လုပ်သလို မအလစစ်တပ်နဲ့ သူ့ကိုထောက်ခံတဲ့နန်းတွေကလည်း မြေပြင်ပေါ်မှာနေရပြီးဒုက္ခသည်တွေလိုချက်ချင်းဖြစ်သွားခဲ့ပါတယ်။

ဒါဆိုလို့ရှိရင် ဒီငလျင်က ဘာဆက်ဖြစ်မလဲ။ စာရေးသူတို့ ဒီမိုတော်လှန်ဒေသတွေမှာအကူအညီလိုရင်မအလကခွင့်ပြုမှ အကူအညီရကြတာအားလုံးသတိထားမိမှာပါ။ ယခု မအလကို ကုလကဖြစ်ဖြစ် အာဆီယံကဖြစ်ဖြစ် အကူအညီပေးတယ်ဆိုပါစို့။ သူတို့ဟာလည်း NUG နဲ့ PDF တွေက ခွင့်ပြုမှအကူအညီပေးလို့ရတော့မှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဘာနဲ့လာလာ PDF တွေက ရန်ကုန်မန္တလေးလမ်းမှာ မန္တလေး-စစ်ကိုင်းမှာ လေဆိပ်မှာ ကြားဖြတ်တိုက်ခိုက်လို့ရှိရင် ကုလလည်းမလာရဲသလို အာဆီယံလည်းလာရဲမှာမဟုတ်ပါ။ ရုရှားလည်းလာကူရဲမှာ မဟုတ်ပါ။။ တရုတ်လည်းသူ့လုံခြုံရေးအာမမခံရင် မလာပါ။ ဘယ်သူမှ မအလကိုကူညီဖို့တော့ သူတို့စစ်တပ်နဲ့ဝင်မလာပါ။ သူတို့စစ်တပ်နဲ့ဝင်လာလဲစာရေးသူတို့မှာရှုံးစရာဘာမှမရှိပါဘူး။ ဒါကြောင့် NUG အနေနဲ့ ကသားတတ်ရင် ကုလရော အာဆီယံပါ လာခွင့်ပြုခိက်တောင်းရမှာပါ။ သူ့ကူရင် ကိုယ့်လဲ လာကူခိုင်းရမှာပါ။

ဒါကြောင့် မအလဟာ ငလျင်အတွက် သူ့‌ဒေသမှာ ကယ်ဆယ်ရေးတွေရလိုရင်NUG/PDF နဲ့ ဆွေးနွေးမှရတော့မှာပါ။ အပစ်မရပ်ရင် သူအုပ်ချုပ်တဲ့ဒေသလည်း ငြိမ်းချမ်းမှာမဟုတ်ဘူးဆိုတာ သူတို့သိအောင် လုပ်‌ပေးရမှာပါ။ ယခင်ကသူကအဆောက်အအုံတွေထဲမှာနေပေမယ့် ယခုသူဟာငလျင်ကြောင့်အပြင်ထွက်နေရပါပြီ။

တရုတ်နဲ့ရုရှားက လက်နက်လောက်သာ ကူညီပေမယ့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလောက်တော့ မကူညီနိုင်ပါ။ ဒါကြောင့် အခြားအဖွဲ့တွေရဲ့အကူအညီလိုရင်လဲ မအလက ယခုအတိုင်း သွားနေလို့မရပါ။

ငလျင်လှုပ်အပြီးမှာ ဘောမတွေက နာဂစ်လိုပဲ နာဂစ်အပြီး ရွေးကောက်ပွဲလုပ်ခဲ့သလို ငလျင်အပြီးရွေးကောက်ပွဲလုပ်နိုင်မယ်လို့ ထင်နေခဲ့ကြပါတယ်။ နာဂစ်နဲ့မတူတာက နာဂစ်မှာတကယ်ထိတဲ့ဧရာဝတီတို့ ပင်လယ်နဲ့နီးစပ်တဲ့နေရာ‌တွေက စစ်တပ်တွေ မထိစပ်ခဲ့ပါ။ ယခုငလျင်က မအလအုပ်ချုပ်တဲ့ရွေးကောက်ပွဲလုပ်ဖို့ပြင်ထားတဲ့နေရာတွေကို ရန်ကုန်ကလွဲရင်အဓိကထိခိုက်သွားခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် စစ်ကိုင်းငလျင်ကြောင့် အသက်ဆုံးရှုံးမှုများစွာဖြစ်ခဲ့ရပေမယ့် ငလျင်က မအလအုပ်ချုပ်တဲ့နေရာတွေ အထူးသဖြင့် စစ်ရုံးချုပ်၊ တပ်ကုန်း၊ အေလာနဲ့ မအလအုပ်ချုပ်တဲ့ဒေသကဌာနဆိုင်ရာအဆောက်အအုံတွေကို ဗုံးကျဲလိုက်သလို နေလို့မရအောင်ဖြစ်သွားခဲ့ပါတယ်။ မအလကိုသစ္စာခံတဲ့ စစ်တပ်တွေ သူ့မိသားစုတွေ နန်းတွေ နန်းတွေရဲ့မိသားစုတွေဟာလည်း ယခုငလျင်မှာ သေသူသေဒဏ်ရာရသူရ အသက်ရှင်သူကလည်း ဒုက္ခသည်ဘဝကို စစ်ပြေးတွေကဲ့သို့ ဖြစ်သွားခဲ့ပါတယ်။ အချို့ပြည်သူတွေစစ်ဘေးရှောင်တဲ့အချိန်မှာ နိုက်ကလပ်မှာ ပျော်ခဲ့သူတွေလည်း စစ်ဘေးရှောင်တွေကဲ့သို့မိုးထဲလေထဲ တဲထိုးနေရတာကို စာနာသွားတတ်စေပါတယ်။

စစ်ကိုင်းငလျင်ကြီးက စစ်ကိုင်းတော်လှန်ရေးလိုပဲ တရုတ်နဲ့ရုရှားကဘယ်လိုပဲကူညီကူညီ မအလကျရှုံးရအောင် မြေကြီးက CDM လုပ်လိုက်တာပါပဲ။ စစ်ကိုင်းက တော်လှန်‌‌ရေး နေပြည်တော်ကို မရောက်ခင် စစ်ကိုင်းငလျင်ကရောက်သွားခဲ့ပါပြီ။ ဒီအခွင့်အရေးကို တော်လှန်‌ ရေးအဖွဲ့တွေကအသုံးချပြီးနေပြည်တော်ကိုချီတက်နိုင်ရင်တော့ အောင်ပွဲကမလွဲတော့ပါ။ တရုတ်နဲ့ ရုရှားဖိအားကို စစ်ကိုင်းငလျင်က ခြေမှုန်းလိုက်ပါပြီ။ တော်လှန်ရေးအတွက် အခွင့်အလမ်းအနေနဲ့ ပြည်သူက အသုံးချရမှာပါ။ မအလအခက် ပြည်သူ့အချက်ပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page