အချို့က PDF နာမည်တတ်ရင် ဘယ်သူမဆို လှူရမယ်လို့ ပြောလေ့ရှိပါတယ်။ စာရေးသူတို့က စစ်တပ်ဆိုတာ အမိန့်နာခံရမယ် ပြည်သူ့အစိုးရအမိန့်ကို နာခံရမယ်ဆိုတာကို အခြေခံပါတယ်။ ဒီနေရာမှာ စစ်ကိုင်းက အဖြစ်အပျက်ကနေ တွေးစရာလေးတွေ ဖြစ်လာခဲ့ပါတယ်။
ပထမက ဗိုလ်သံမဏိရဲ့စခန်းရော ဗိုလ်နဂါးစခန်းပါ မအလတပ်က အတိအကျဝင်စီးခဲ့ပါတယ်။ ဒါကြောင့် သတင်းပေါက်ကြားမှုရှိတယ်ဆိုတာက သေချာပါတယ်။ အဆိုပါအဖွဲ့ (သို့) သူတို့နဲ့နီးစပ်သူနေရာမှာ တန်ပြန်ထောက်လှမ်းရေး သူလျှိုရှိတယ်ဆိုတာ ထင်ရှားပါတယ်။
ဒုတိယက PDF တွေဟာ တစ်ဖွဲ့ကနေ ခွဲထွက်ချင်တိုင်းခွဲထွက်လို့ရလားဆိုတာပါ။ စာရေးသူတို့တပ်ထဲဝင်တယ်ဆိုရင် အဝင်သာရှိပြီး အထွက်မရှိပါ။ နိုင်ငံခြားက ဒီမိုတပ်တွေမှာလဲ ကန်ထရိုက်နဲ့ ဝင်ရပါတယ်။ ၁၀ နှစ်၊ ၅ နှစ်ပေါ့။ ကန်ထရိုက်မပြည့်ခင် ထွက်ပြေးရင် တပ်ပြေးပါ။ ဒီနေရာမှာ PDF ဆိုပြီးNUG ထံက လက်နက်တောင်းတယ်ဆိုပါစို့။ လက်နက်တောင်းအပြီး ငါတို့ကခွဲထွက်မယ်ဆိုရင် အဆိုပါလက်နက်တွေက ပြည်သူ့ပိုက်ဆံတွေနဲ့ NUG က ဝယ်ထားတာပါ။ PDF ဆိုပြီး လက်နက်ယူပြီး ခွဲထွက်သွားရင် ဘာလုပ်မလဲဆိုတာ တော်လှန်ရေးကာလမှာ စည်းမျဉ်းရှိဖို့လိုလာပါတယ်။ သူက PDF ဆိုပြီးNUG အသိအမှတ်ပြုလက်အောက်အဖွဲ့ထံဝင် ပြီးမှလက်နက်ယူခွဲထွက် ဓားမြသွားတိုက်ရင် ဘာလုပ်မလဲ စဉ်းစားရပါမယ်။ လက်နက်ယူထွက်ပြေးသွားသူကို ဒီမိုကရေစီနည်းအရ လူ့အခွင့်အရေးနဲ့အညီ ညီလေးရေ လက်နက်ပြန်လာပေး ချောကလက်ကျွေးမယ်ဆိုလို့ မရပါ။ နားထောင်လို့တော့ ကောင်းပါတယ်။
တတိယက PDF အဖွဲ့ တရားဝင်ဖြစ်လာခဲ့ရင် မိမိလက်အောက်ခံမြို့နယ်၊ တိုင်းထဲမှာ မတရားတာလုပ်ရင် ဘယ်လိုအရေးယူမလဲဆိုတာပါ။ အချို့ကိစ္စတွေက သူတို့သတ်တာဟာ တကယ်ဒလန်ဖြစ်နေနိုင်ပါတယ်။ ရွာထဲကလူက ဒလန်မှန်းမသိတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ အချို့က ဒလန်မဟုတ်ဘဲ မှားသတ်တာလဲ ဖြစ်နိုင်ပါတယ်။
စစ်ကိုင်းက ကိစ္စမှာ စိုးရိမ်တာလေးတွေ Myanmar Now ဖတ်ပြီး တွေ့မိတာလေးတွေ အများကြီးရှိပါတယ်။ ဦးတည်တိုက်နေတာက ဗိုလ်သံမဏိနဲ့ ဦးအောင်ကြည်ညွန့်သားမက်ကိုပါ။ ဗိုလ်သံမဏိက NUG ရဲ့လက်နက်ကို ဖြန့်ဝေနေလို့ သူ့ကို ဦးတည်တိုက်ဖို့ နမခမှာ အစည်းအဝေးလုပ်တာတော့ အမိန့်ပေးတာသိပါတယ်။ ဘယ်သူတွေက အဓိကစစ်ဆင်ရေးမှာပါလဲ စာရေးသူမသိပါ။ သိလဲ ထောက်လှမ်းရေးအကြီးပိုင်းG1 နာမည်သာ သိနိုင်ပြီး မြေပြင်က မအလကို သတင်းပေးသူရဲ့ နာမည်ကို သိနိုင်မယ်မဟုတ်ပါ။ မြေပြင်က သတင်းပေးဆိုတာက စရဖတပ်အဖွဲ့ဝင်မဟုတ်ဘဲ သာမန်လူတွေပါ။ သူတို့ဟာသာမန်သတင်းထောက်၊ ဆရာ/ဆရာမ၊ အရပ်သားပါ။ နောက် Myanmar Now ကို ဗိုလ်သံမဏိကျူးလွန်တာတွေ မှတ်တမ်းတင်ထားတဲ့ CDM ဆရာမကတော့ ထူးခြားနေပါတယ်။ သူက ဗိုလ်သံမဏိလုပ်သမျှကို စစ်ပြေးနေတဲ့ကြားက မှတ်တမ်းတင်နိုင်တာကိုက ထူးခြားပါတယ်။ သူက ဒလန်မဟုတ်ရင်တောင် ဒီလောက်ဗိုလ်သံမဏိလှုပ်ရှားတာကို အတိအကျသိနေရင် မအလတပ်က ဝင်စီးနိုင်တာ မထူးဆန်းတော့ပါ။ သူမတောင်သိရင် မအလတပ်က သိနိုင်ပါပြီ။
စာရေးသူက အမေရိကန်မှာ ကျောင်းပြီးတာမဟုတ်ပါ။ သတင်းသမားတွေလို လူ့အခွင့်အရေးဘက်ကမတွေးတတ်ပါ။ ဒါပေမယ့် စာရေးသူတော်လှန်ရေးတွေကို လေ့လာရာမှာ လူ့အခွင့်အရေးလိုက်နာပြီးလုပ်လို့ အောင်မြင်တဲ့တော်လှန်ရေးတော့် မတွေ့မိသေးပါ။ သိသူရှိရင် ထောင်ပြပါ။ လက်နက်ကိုင်တာကိုပြောတာနော်။ အရှေ့ဥရောပက ဒီမိုတောင်းပွဲက လက်နက်ကိုင်တာမဟုတ်ပါ။
ဒါထက်ထူးဆန်းတာက Myanmar Now က ထွန်းအောင်ကျော်ရဲ့မှတ်ချက်ကို ယူသုံးထားတာပါ။ ထွန်းအောင်ကျော်ကိုယ်တိုင် သတင်းမလုံလို့ သူ့လူ ခင်ကျော်ဟာ မအလတပ်ရဲ့ဖမ်းတာကို ခံခဲ့ရပါတယ်။ ဒါကတိုက်ဆိုင်တယ်လို့မှတ်ပါ။ ထွန်းအောင်ကျော်က NUG ကို စစ်ကိုင်းက PDF တွေကို လက်နက်ပေးဖို့အစဉ်တစိုက်ဝေဖန်ခဲ့သူပါ။ ဒါအပြီးမှာ ထွန်းအောင်ကျော်ဟာ ဆရာဇော်ဝေစိုးကို ထောင်ချောက်ဆင်ခဲ့သူပါ။ ယခုကြည့်ရတာက NUG ရဲ့ လက်နက်ဖြန့်ဝေသူကို စနစ်တကျတိုက်ခိုက်နေပုံပါ။
ယခုလူသတ်မှုသတင်းက AA က ရခိုင်မှာ အညာက ဗမာစျေးရောင်းသူတွေကိုသတ်လိုက်တယ်ဆိုပြီးသတင်းတက်လာနဲ့တူနေတာကို မှတ်မိကြမှာပါ။ AA က သတ်လိုက်တာ တကယ်ပါ။ AA ရဲ့ အသတ်ခံရသူတိုင်းဟာ ဒလန်မဟုတ်ပါ။ ဒါပေမယ့် စရဖက အယောင်ဆောင်လွှတ်ထားသူများလဲ ရှိခဲ့ပါတယ်။အဆိုပါ အသတ်ခံရအပြီးမှာ စရဖက ထပ်မလွှတ်ရဲတော့ပါ။ AA ရဲ့ပုံရိပ်ခဏထိသွားပေမယ့် သူ့ရဲ့တော်လှန်ရေးအရှိန်တော့ တက်သွားခဲ့ပါတယ်။ ထို့အတူ နန်းဒါမြကိစ္စမှာ လမ်းဖောက်သူက သာမန်အရပ်သားနဲ့ GE တပ်ပါ။ GE တပ်က သူ့လူရော အရပ်သားကိုပါခေါ်ပြီး လမ်းဖောက်ရာမှာသုံးပါတယ်။ လမ်းဖောက်တာက မအလတပ်ထိုးစစ်ဆင်ရာမှာ သုံးနိုင်အောင်ပါ။ အရပ်သားကို ခေါ်သုံးတာက လူသားဒိုင်းပေါ့။ KNDO က သတ်လိုက်ပါတယ်။ မအလလူရော အပြစ်မဲ့သူပါ သေသွားပါတယ်။နန်ဒါမြအရေးယူခံရပါတယ်။ ဒါပေမယ့် စစ်တပ်ကလမ်းဖောက်ဖို့ခေါ်ရင် ဘယ်သူမှ မလိုက်ရဲတော့ပါ။ဘာလို့လဲဆိုတော့ အသတ်ခံရမယ်ဆိုတဲ့ သတင်းစကားက မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ရောက်သွားလို့ပါ။သတင်းသမားတွေက နန်ဒါမြကို ဝိုင်းရေးကြတာပေါ့။ ဒါကသတင်းလေ။ လူ့အခွင့်အရေးသမားကလဲဝိုင်းပြောတာပေါ့။ ဒါကလူ့အခွင့်အရေးအတွက် ဂွင်ပါ။ မအလကလဲ KNDO လူသတ်တယ်ဘာညာဝါဒဖြန့်လိုက်ပါသေးတယ်။ ဒါပေမယ့် သူလမ်းဖောက်ဖို့ လူထပ်ခေါ်ရင် လိုက်ရဲတဲ့ အရပ်သားမရှိတော့ပါ။ GE တပ်ကလဲ အရပ်သားမပါရင် မလုပ်ရဲတော့ပါ။
ဒီနေရာမှာ မင်းသာဆို ဘာလုပ်မလဲ? နယ်စပ်က NUG ရဲ့ PDF က စနစ်တကျထူထောင်ထားတာပါ။စစ်ကိုင်းမှာက မခံချင်စိတ်နဲ့ ခုခံရင်းက PDF ဖြစ်လာတာပါ။ ဗိုလ်သံမဏိရဲ့နောက်ကြောင်းက ကောင်းပါတယ်။ ဂျာမနီအထိရောက်ဖူးလို့ နိုင်ငံခြားအတွေ့အကြုံရှိသူပါ။ လူ့အခွင့်အရေးအကြောင်းသူလဲသိမှာပါ။ အင်တာဗျူးမှာလဲ NUG အမိန့်ချတာ နာခံမယ်လို့ ပြောထားတာ ကြားရပါတယ်။ အားလုံးကြားရတာ အဆင်ပြေပါတယ်။ NUG အနေနဲ့ စစ်ကိုင်းမှာ PDF တွေကို စုစည်းပြီး ဝင်လိုသူတွေကို ခံဝန်နဲ့အဖွဲ့ဝင်ခိုင်း လက်နက်တပ်ဆင်ပေးပြီး ခွဲထွက်ရင် စစ်စည်းကမ်းအရ ဘယ်လိုအရေးယူခံရမလဲဆိုတာပြောထားရပါမယ်။ တပ်ထဲမှာဆို လက်နက်ယူပြေးရင် အပစ်ခံရပါတယ်။ စစ်တပ်ဆိုတာ ပါတီမဟုတ်၊ဇတ်ရုံမဟုတ်ပါ။ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့မရပါ။ နောက်စစ်စည်းကမ်းနဲ့ ပြစ်ဒဏ်ကိုလဲပြောပြထားရပါမယ်။ ဒါပေမယ့် ပြစ်ဒဏ်ကတော့ ဒီမိုစနစ်ရမှ အမိန့်ချလို့ရမှာပါ။ အချို့သောမြေပြင်က ပြိုင်ဖက် ဩဇာကြီးလိုတဲ့အဖွဲ့တွေဟာ ဒီကိစ္စအပေါ်မူတည်ပြီး မိမိတို့အဖွဲ့ကို ချဲ့ထွင်တာလဲ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ စစ်ကိုင်းမှာ အမိန့်ပေးစနစ် chain of command တည်ဆောက်ဖို့လိုပါမယ်။ယခုလို အမိန့်ပေးစနစ်ရှိမှ တပ်ရင်းမှူးအဆင့် ပြဿနာတက်ရင် ဗျူဟာမှူးအဆင့်၊ တပ်မမှူးအဆင့်တိုင်းမှူးအဆင့်က ရှင်းနိုင်မှာပါ။ စစ်ကိုင်းမှာက တစ်ဖွဲ့က ဗိုလ်က နောက်အဖွဲ့ကို ရှင်းရင် အန္တရာယ်အလွန်များပါတယ်။ နောက် ဒီကိစ္စကိုမူတည်ပြီး NUG ရဲ့ လက်နက်လိုင်းကို ပိတ်တာမျိုးလဲ မဖြစ်သင့်ပါ။
အရေးကြီးတာက PDF အဖွဲ့တွေကိုဖွဲ့ရာမှာ လူပုဂ္ဂိုလ်အပေါ်အခြေမခံဘဲ အမိန့်နာခံမှုနဲ့သွားအောင်လုပ်ထားကြဖို့ပါ။ လုံခြုံရေးကိုလဲ အထူးဂရုစိုက်ပါ။ စစ်ကိုင်းက PDF ကို မအလက အမြောက်ကြီးတွေလေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ မနိုင်ပါ။ စစ်ကိုင်းက PDF ကို နိုင်နိုင်တာက အချင်းချင်းသွေးကွဲအောင်လုပ်နည်းသာပါ။ ဗမာရဲ့ အားနည်းချက်က အဖွဲ့ခွဲထွက်တာ ပါတီခွဲတာပါ။ သာမန်အရပ်ဖက်အဖွဲ့တွေ များစွာရှိနေတာက ဒီမိုကရေစီအရ ကြည့်လို့လှပေမယ့် စစ်တပ်များစွာရှိရင် ဗိုလ်များရင်တော်လှန်ရေး ရှုံးနိုင်ပါတယ်။ အဖွဲ့ထဲမှာ ဒလန်ရှိတာက သေချာပါတယ်။ ရှိလို့သာ မအလတပ်ကစစ်ဆင်ရေး အတိအကျလုပ်နိုင်တာပါ။ စာရေးသူအနေနဲ့ကတော့ အမိန့်ပေးစနစ်ကို မြေပြင်မှာခိုင်မာအောင် NUG က တည်ဆောက်ပြီးမှသာ မြေပြင်မှာ စနစ်ကျတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်မယ်လို့ထင်ပါတယ်။ မြန်မာ့တော်လှန်ရေးဟာ မြန်မာ့နည်းနဲ့သာ သွားရမှာပါ။ စာရေးသူအနေနဲ့ ပြဿနာကို နှစ်ဖက်ကနေ ကြိုမြင်ထားလို့ NUG အနေနဲ့ ညင်သာစွာကိုင်တွယ်နိုင်ပါစေ။ နှစ်ဖက်ဆိုတာက ဒလန်ကိစ္စ၊ခွဲထွက်ကိစ္စဘက်နဲ့ လူ့အခွင့်အရေးကိစ္စဘက်ကပါ။ အမေရိကန်လို လက်နက်ကောင်းတဲ့ စစ်တပ်မှာတောင် အာဖဂန်ကအဆုတ်မှာ အရပ်သားတွေကို မှားသတ်မိခဲ့တာ အားလုံးသိမှာပါ။ အပြစ်မဲ့ပြည်သူတွေ မသေအောင်လုပ်ရမှာဖြစ်သလို ဒလန်ကိုလဲရှင်းရမှာဖြစ်ပြီး လက်နက်ယူထွက်ပြေး ခွဲထွက်စစ်ပြေးကိုလဲ လက်တွေ့အရေးယူလို့ရမယ့် အမိန့်နာခံတဲ့စနစ်ကို ထူထောင်ရမှာပါ။ ဒါကခက်နေမှာပါ။အဆင်ပြေစွာဆုံးဖြတ်နိုင်ပါစေ။
(Reference : Myanmar Now and Military Intelligent reports)
Thank you. This article is such an eye opener. We, the Myanmar people, tend to lose sight of the fact that we are at war with the evil Myanmar military. People who talk about human rights and values either have no clue what "war' means or they are the mouthpiece on the payroll of Myanmar military. It is inevitable that mistakes like this are made. Confusion is a feature of war. No war is free of human errors. Even the 30 Comrades back in 1940s made some mistakes while they were fighting to free Burma. I am not saying that mistakes can be forgotten or overlooked. The time will come for those perpetrators who committed this act to be tried…