top of page
Search
  • Writer's pictureMyat Tun Oo

တော်လှန်ရေးမှာ ဘယ်သူတွေက ဘာပြင်ရမလဲ NUG လား NUCC လား ဖယ်ဒရယ်ယူနစ်တွေလား?


တော်လှန်ရေးမှာ ဘယ်သူတွေက ဘာပြင်ရမလဲ NUG လား NUCC လား ဖယ်ဒရယ်ယူနစ်တွေလား?


တော်လှန်ရေးမှာ အများစုက NUG ကို စဖွဲ့ကတည်းက ဝေဖန်လာခဲ့ကြပါတယ်။ စာရေးသူတို့ကလည်း NUG ကို ဝန်းရံခဲ့ကြပါတယ်။ ယခုအချိန်မှာ‌ တော်လှန်ရေးဟာ မန္တလေးနားကိုရောက်ရှိလာခဲ့ပါပြီ။ အချို့ကလည်း ဒီကိစ္စက မြောက်ပိုင်းသုံးဖွဲ့‌‌ကြောင့်လို့ ပြောမယ့်လူတွေရှိနိုင်ပါတယ်။ မြောက်ပိုင်းသုံးဖွဲ့တိုက်နေခဲ့တာက ၂၀၁၆ ထဲကဖြစ်ပြီး ဒီတော်လှန်ရေးမှာမှ အောင်မြင်ခဲ့တာ ငြင်းမရတဲ့ ဆက်စပ်မှုပါ။ ဒါပေမယ့် သေချာတာကတော့ NUG အောက်က PDF တွေကလဲ အတိုင်းအတာ တစ်ခုအထိ ကြီးမားတဲ့ တပ်မတော်အနေနဲ့ ဖြစ်တည်ပြိး အင်အားကြီးလာတာဟာလဲ ငြင်းမရတဲ့အချက်ပါ။


၁၉၈၈နောက်ပိုင်းမှာ NUG လို အားကောင်းတဲ့ အစိုးရမရှိခဲ့လို့  ကျောင်းသားတပ်ပေါင်းစုရဲ့ တော်လှန်ရေးဟာ ဘာမှမအောင်မြင်ခဲ့ပါ။ ဒါက ဆီးရီးယားတို့ လစ်ဗျားတို့ကို ဥပမာမပေးဘဲ မိမိသမိုင်းမိမိဥပမာပေးပြီး NUG ရဲ့ အရေးကြီးတဲ့အခန်းကို ရှင်းပြတာပါ။ NUG ရဲ့ဖြစ်တည်မှုကြောင့် ၁၉၈၈ နောက်ပိုင်းကျောင်းသားတွေတောခိုခဲ့တဲ့ တော်လှန်ရေးထက် ယခုတော်လှန်ရေးက အတိုင်းအတာတစ်ခုအထိ ရှေ့ကိုတွန်းပို့နိုင်ခဲ့တာကတော့ ထင်ရှားပါတယ်။ အင်တာနက်နဲ့ အခြားလူငယ်တွေရဲ့ အတွေးအခေါ်က ခေတ်မတူတာ‌လည်းပါပေမယ့် သေချာတာကတော့ ကျောင်းသားလူငယ်တွေသာမဟုတ်ဘဲ လူတန်းစားအားလုံးပူးပေါင်းပါဝင်ပြီး NUG ရဲ့ဦးဆောင်မှုပေးခဲ့လို့ အတိုင်းအတာတစ်ခုအထိ ယခုအချိန်အထိရောက်လာတာက ငြင်းမရတဲ့အချက်ပါ။


ဒီနေရာမှာဘယ်အဖွဲ့တွေက ပြင်ဆင်ပြုပြင်ပြောင်းလဲရမလဲ လေ့လာကြည့်ရအောင်။


NUG

NUG ဟာ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့လွှတ်တော်ကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရပါ။ သူတို့ရဲ့တရားဝင်မှုက ဘာနဲ့မှအစားထိုးလဲလှယ်လို့မရပါ။ ဒါအပြီးမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုကြည့်ရအောင်။


ယာယီသမ္မတ

သူက ကချင်လူမျိုးဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပါတယ်။ သူ့ကိုဖြုတ်ပြီးအစားထိုးဖို့က မဖြစ်နိုင်ပါ။


နောက်ဝန်ကြီးချုပ်

သူက ကရင်လူမျိုး၊ ယခင်လွှတ်တော်မှာပါဝင်ခဲ့သလို အာဏာသိမ်းအပြီးထွက်ပြေးလွတ်မြောက်လာပြီးဦးဆောင်နေရာကပါဝင်ခဲ့သူပါ။ သူ့ရဲ့ဦးဆောင်မှုဟာအတိုင်းအတာတစ်ခုအထိ အရွှေ့တစ်ခုအထိရောက်ခဲ့ပါတယ်။ သူတို့ကိုဖြုတ်ပြီး လူလဲတာနဲ့ ဒီတိုင်းဆက်သွားတာကတော့ အကျိုးအပြစ်က ဘာမှမထူးပါ။


ကာကွယ်ရေးဝန်ကြီး

သူကအဝေဖန်အခံရဆုံးပါ။ သူကအလုပ်မဖြစ်တဲ့တောင်ပိုင်းကနေ မြောက်ပိုင်းကို သက်စွန့်ဆံဖျား သွားခဲ့သူပါ။ တိုင်းရင်းသားအချို့နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး တပ်တည်ဆောက်မှုကိုလည်း လက်တွေ့ကျကျလုပ်ဆောင်နိုင်ခဲ့သူပါ။ သူ့ကိုအစားထိုးဖို့က မဖြစ်နိုင်ပါ။


ပြည်ထဲရေးဝန်ကြီး

သူကလည်း NUG အစိုးရအဖွဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။ သူက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ အညာဒေသ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို စတင်ထူထောင်နိုင်ခဲ့သူပါ။ သူ့မှာအဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေ လုပ်နိုင်စွမ်းတွေရှိနေပါပြီ။


နိုင်ငံခြားရေးဝန်ကြီး

သူကလည်းယခုအချိန်မှာနိုင်ငံခြားအဆက်အသွယ်တွေအများကြီးရှိနေခဲ့ပါပြီ။။ သူကလည်းကမ္ဘာပေါ်မှာ NUG ရဲ့ သံတမန်အဆက်အသွယ်တွေကို ထူထောင်နိုင်ခဲ့တာ သံရုံးတွေထူထောင်နိုင်ခဲ့တာတွေနဲ့ အတိုင်းအတာတစ်ခုအထိ ယခင်နဲ့မတူဘဲ အောင်မြင်အောင်လုပ်ထားနိုင်တာတွေ့ရပါတယ်။


စီမံဘဏ္ဍာဝန်ကြီး

သူကမြန်မာ့သမိုင်းမှာ မရှိဖူးတဲ့ SDB bankတွေ NUG pay တွေကို ထူထောင်နိုင်ခဲ့ပါတယ်။။ သူကနည်းပညာရှင်မဟုတ်လို့ သူတီထွင်တာမဟုတ်ပေမယ့် ပညာရှင်တွေရဲ့ အတွေးအခေါ်တွေကိုလက်ခံပြီး နိုင်ငံရေးသမားအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာပါ။ NUG ဟာ သက်တမ်း ၆၀ ကျော် လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ပေမယ့် ပြည်သူထံကငွေနဲ့ လည်ပတ်လို့ရတဲ့တော်လှန်ရေးကို တည်ထောင်နိုင်ခဲ့တဲ့ ပထမဆုံးလက်နက်ကိုင်အဖွဲ့စည်းပါ။ ကမ္ဘာပေါ်မှာလက်နက်ကိုင်တွေကို အခြားအင်အားကြီးနိုင်ငံတွေထောက်ပံတာ၊ သယံဇာတရောင်းတာ၊ ဘိန်းဆေးပြားတွေနဲ့လုပ်ဆောင်ပေမယ့် NUG က ပြည်သူ့အစိုးရမို့ အကန့်အသတ်ရှိခဲ့ပါတယ်။။ ထိုအကန့်အသတ်ကြားထဲကမှ လက်နက်ကိုင်တော်လှန်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့တာပါ။ သူ NUG pay လုပ်တာက လွယ်တယ်ဆိုရင် သင်တို့လက်နက်ကိုင်ခဲ့တဲ့ နှစ် ၆၀ မှာ သူ့လို ဘာလို့မလုပ်နိုင်ခဲ့လဲ ပြန်စဉ်းစားပါ။


ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန

သူကလဲ တော်လှန်ရေးကာလမှာ ဆေးကျောင်းတွေဖွင့်တာ၊ အခြားကျောင်းတွေဖွင့်ပြီးတော့ပညာရေးစနစ်ကို တော်လှန်ရေးကာလမှာ မပျက်အောင်ထူထောင်နိုင်ခဲ့ပါတယ်။ အလုံးစုံမပြီးပြည့်စုံပေမယ့် အတိုင်းအတာတစ်ခုအထိ သူတည်ထောင်နိုင်တယ်လို့ ပြောလို့ရပါတယ်။


လူကယ်ပြန်ဝန်ကြီးဌာန

သူကလည်းအတွေ့အကြုံရှိပြီးယခင်ကအတွေ့အကြုံတွေနဲ့ပူးပေါင်းပြီးတော့ ကယ်ဆယ်ရေးတွေမှာအတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နေနိုင်တာတွေ့ရပါတယ်။


ဒီနေရာမှာ အချို့NUG ထောက်ခံသူများက NUGမှာ အခြားဝန်ကြီးဌာနများစွာ ရှိသင့်သလား မရှိသင့်ဘူးလားဆိုပြီးခဏခဏမေးခွန်းထုတ်တာတွေ့ရပါတယ်။ စာရေးသူအနေနဲ့ကတော့ ဝန်ကြီးဌာနတွေရှိတာက ဝန်ကြီးအင်္ဂါစုံနဲ့ညီလို့ ပြဿနာမရှိပါလို့ထင်ပါတယ်။


နောက် NUG ဟာ NLD ရဲ့ တတိယတန်းစား မျိုးဆက်သစ်ခေါင်းဆောင်တွေနဲ့ ဖွဲ့ထားတာ တွေ့ရပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေက လက်တွေ့ကျပြီး ပါတီစွဲ၊ လူမျိုးစွဲမရှိတာ တွေ့ရပါတယ်။ နောက်ပြီး သူတို့က စုပေါင်းခေါင်းဆောင်မှုရှိတာလဲတွေ့ရပါတယ်။


ဒါဆိုပြဿနာကဘာလဲ။


ဒီနေရာမှာ NUG က ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုလား ဒါမှမဟုတ်ဗမာဒေသကိုသာကိုယ်စားပြုလားဆိုတဲ့ပြဿနာပါ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကိုကြည့်ပါ။ သူတို့က NUG ထံက ဘာအကူညီမှ မယူပါ။ သူတို့ငွေနဲ့သူတို့ရှာပြီး တိုက်ပါတယ်။ ဒီလိုတိုက်လို့ရလာတဲ့နေရာမှာလည်း သူတို့ဖာသာအုပ်ချုပ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ NUG ဆက်ဆံရေးကရှင်းပါတယ်။ သူတို့ထဲကအဖွဲ့တစ်ခုကသာ NUG နဲ့ နီးနီးစပ်စပ် ပူးပေါင်းလုပ်ဆောင်တာတွေ့ရပါတယ်။ ထိုအဖွဲ့တွေက NUCC မှာလဲ မပါပါ။ သူတို့သုံးဖွဲ့ က NUG ကို အသိအမှတ်မပြုလဲ ဇာတ်လမ်းကရှင်းပါတယ်။ NUG ကလဲ သူ့​နေရာသူသိမှာပါ။ ဆက်ဆံရေးဆိုတာက ဒါမျိုးပါ။ သူတို့က NUG အောက်မှာမဟုတ်ဘဲပြတ်သားလို့ ခန့်မှန်းရလွယ်ပါတယ်။ သူတို့က သူတို့နယ်သူတို့တိုက်သိမ်းပေးတာတောင် တော်လှန်ရေးအတွက်အားပါ။ NUG အောက်မပါလဲ သူ့နယ်သူသိမ်းရင်တောင် တော်လှန်ရေးအတွက်အထောက်အကူပြုပါတယ်။


NUCC ဆိုတာ ရှိသင့်သလား?

ပြဿနာက ဖယ်ဒရယ်ဆိုတဲ့မူအောက်က NUG နဲ့ အခြားအုပ်ချုပ်ရေးဒေသများ ဆက်ဆံရေးပါ။

NUCC ဟာ အနောက်အုပ်စုဘက်ယိမ်းသူများက ၈၀% လို့ တရုတ်က ယူဆထားပါတယ်။ NUCC မှာ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်က ဖယ်ဒရယ်ယူနစ်တွေက NUG ကို ထိန်းကျောင်းလိုလို့ ပါဝင်ချင်ရင် ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် NUCC မှာပါဝင်တဲ့ NGO တွေ၊ သပိတ်အင်အားစုတွေကိုတော့ ဖယ်ထုတ်ရပါမယ်။ ဒါမှမဟုတ် NUG က NUCC ကနေ ထွက်ရပါမယ်။ NGO တွေအားလုံးစုပြီးတစ်ဖွဲ့၊ သမဂ္ဂအားလုံးကို ကိုယ်စားပြုတဲ့ တစ်ဖွဲ့ဆိုရင် ရပါပြီ။ ကိုမင်းကိုနိုင်တို့လို အရေးကြီးပုဂ္ဂိုလ်တွေကတော့ ပါရမှာပါ။ ဖယ်ဒရယ်ယူနစ်တွေက NUG ကို ဖယ်ဒရယ်အစိုးရလို့ အသိအမှတ်မပြုရင် NUCC ဆိုတာက လုံးဝမရှိသင့်တော့ပါ။ ဖယ်ဒရယ် ယူနစ်တွေက NUG ကို ဇယ်ဒရယ်အစိုးရလို့ အသိအမှတ်မပြုရင် NUG ဟာ NUCC ကနေ နုတ်ထွက်သင့်ပါတယ်။


ဘာကပြဿနာလဲ?

ယခုလက်ရှိက NUG ကို တစ်နိုင်ငံလုံးကိုယ်စားပြုလား ဗမာကိုသာ ကိုယ်စားပြုတဲ့အဖွဲ့လားဆိုတဲ့‌ မေးခွန်းကို ကရင်နီ၊ ကရင်၊ ချင်း၊ ကချင်အဖွဲ့တွေက ဖြေရပါမယ်။ ဒါက နိုင်ငံခြားကလဲ မေးတဲ့မေးခွန်းပါ။

သူတို့က NUG က ဗမာကိုသာ ကိုယ်စားပြုတဲ့အဖွဲ့ဆိုရင် NUG က ဗမာကိစ္စကိုသာ အာရုံစိုက်လုပ်သင့်ပါတယ်။ ဒီနေရာမှာ NUG အနေနဲ့ ဖယ်ဒရယ်ယူနစ်တွေကို လေးစားဖို့လိုသလို ဖယ်ဒရယ်ယူနစ်ဆိုသူတွေအနေနဲ့လဲ ရိုးသားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ NUG က အမေရိကန်နဲ့တွေ့လဲ အခြားအဖွဲ့တွေနဲ့ပါတွေ့နေရလို့ NUG ကို သိက္ခာချနေသလိုပါ။ အားလုံးတန်းတူရေးကိုနားလည်ပြီး NUG က ဗမာကိုသာကိုယ်စားပြုတယ်ဆိုရင် ဗမာကိစ္စမှာလဲ အခြားအဖွဲ့တွေက NUCC ကတဆင့် လာမစွက်ဖက်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆိုရင် NUG အနေနဲ့ကလဲ မိမိစစ်ဒေသအတွက် မိမိလက်နက်တပ်ဆင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မဟုတ်ရင် NUG က ဒေသတိုင်းအတွက်အလှူခံနေရင် ပြည်သူတွေက ငွေကုန်မှာပါ။

ဒီနေရာမှာ NUG နဲ့ KIA ဆက်ဆံရေးက ရှင်းလင်းပြီး အမိန့်ပေးစနစ်ကလဲ ရှင်းလင်းပါတယ်။ မရှင်းတာက တောင်ပိုင်းမှာပါ။

ဝေဖန်သူတွေက သုံးနှစ်သား NUG ကို ဝေဖန်ပေမယ့် နှစ် ၆၀ တော်လှန်ရေး ဘယ်မှမရောက်သူများကိုတော့ မဝေဖန်တာ တွေ့ရပါတယ်။ ယခုအောင်မြင်နေတဲ့ AA က ၁၅ နှစ်သားသာ ရှိပါသေးတယ်။ သူ့မှာကွာတာက ခေါင်းဆောင်ပိုင်းက တတိယမျိုးဆက်ဖြစ်နေလို့ပါ။


ဒါဆို တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘာပြင်ရမလဲ?

စာရေးသူက NUG ကို ပြင်ရမယ်လို့မထင်ပါ။ စာထုတ်တဲ့ ကရင်၊ ချင်း၊ ကရင်နီ၊ မွန်အဖွဲ့တွေအနေနဲ့ NUG ကို တစ်နိုင်ငံလုံးကိုယ်စားပြုတဲ့အစိုးရလား ဗမာကိုယ်စားပြုအစိုးရလားဆိုတာ လူသိရှင်ကြား သတ်မှတ်ရပါမယ်။ NLD မုန်းတီးတာရပ်ပါ။ NUG က  NLD ကလူတွေနဲ့ ရွေးကောက်ခံထားရပြီး အဆိုပါအမေစုထောက်ခံသူ ၈၀% က တော်လှန်ရေးကို ငွေလှူနေတာပါ။ ခင်ဗျားတို့ ယခုကိုင်နေတဲ့လက်နက်တွေကို လှူနေတာကလဲ အမေစုထောက်ခံသူ NLD ထောက်ခံသူတွေက အများစုပါ။

NUG က ဗမာကိုယ်စားပြုဆိုရင် NUG အနေနဲ့ NUCC က ထွက်ပြီး မိမိဒေသကို လက်နက်တပ်ဆင်နိုင်အောင်ကြိုးစားပါ။ မနိုင်ဝန်ထမ်းတာကို ရှောင်ပါ။ ဖယ်ဒရယ်သဘောအရ ကရင်နီဒေသက ကရင်နီတာဝန်၊ ကရင်ဒေက ကရင်တာဝန်ဆိုတာကို ပြည်သူတွေသိအောင် ချပြပါ။ ဗမာဒေသမှာဆိုရင်လဲ NUG က တာဝန်ယူနိုင်အောင်ကြိုးစားပါ။ မဟုတ်ရင် NUG က မိမိမအုပ်ချုပ်ရဘဲ အဆဲခံအစိုးရဖြစ်သွားနိုင်ပါတယ်။

ရေဘေးကိုကြည့်ရင် NUG က မိမိမအုပ်ချုပ်ရတဲ့ဒေသအတွက် အာရုံမစိုက်ဘဲ စစ်ကိုင်း၊ မန္တလေး၊ မကွေးကို အာရုံစိုက်လှူသင့်ပါတယ်။ မဟုတ်ရင် မိမိရဲ့ အာဏာအခြေခံက မလှူနိုင်လို့ ငြူစူနိုင်သလို မိမိမအုပ်ချုပ်ရတဲ့ဒေသမှာ ငွေကုန်ခံလှူနေရင် ငွေကုန်လူပန်းသာဖြစ်မှာပါ။ ဖယ်ဒရယ်သဘောအရ အဆိုပါဒေသက အုပ်ချုပ်သူများက ရေကြီးကြီး ဘာဖြစ်ဖြစ်သူတို့တာဝန်ဖြစ်ပြီး NUG ကို ဖယ်ဒရယ်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုမှသာ NUG က တာဝန်ယူသင့်ပါတယ်။


တောင်ပိုင်းမှာလဲ KNU နဲ့ ဘယ်သူက ဘယ်တိုက်မယ် ဘယ်သူက ဘာထောက်ပံ့မယ်၊ ဘယ်သူက ဘာအုပ်ချုပ်မယ်ဆိုတာကို တိကျတဲ့ သဘောတူညီချက်ယူပါ။ သူ့ဒေသမှာ မတိုက်လိုလဲ သူ့ဆုံးဖြတ်ချက်ကို လေးစားပြီး အခြားတိုက်နိုင်တဲ့နေရာကို ရှာဖွေပါ။


ထို့အတူပါဘဲ အခြားအဖွဲ့တွေအနေနဲ့လဲ NUG ကို သိက္ခာချရင် NUG ကို undermine လုပ်ရင် အမေရိကန်နဲ့ အနောက်အုပ်စုထံက အကူအညီမရနိုင်ဘူးဆိုတာကို သဘာပေါက်ပါ။ အမေရိကန်က လေယာဉ်ပစ်လက်နက်ပေးမယ်ဆိုရင်တောင် အစိုးရမရှိတဲ့ လက်နက်ကိုင်အဖွဲ့ကို ပေးဖို့ခက်မှာပါ။ သာမန်လူမျိုးစုလက်နက်ကိုင်အဖွဲ့ကိုသာ လေယာဉ်ပစ်လက်နက်ပေးလိုရင် အမေရိကန်နဲ့ အင်္ဂလိပ်က လွန်ခဲ့တဲ့ နှစ် ၆၀ ထဲက ထောက်ပံ့ခဲ့မှာပါ။


NUG အနေနဲ့ စဉ်းစားရမှာက အမေရိကန်ထံက ဘာမှမရဘဲ အသံကြောင့်ဖားသေ အဖြစ်မခံ‌စေလိုပါ။ အမေရိကန်ကဘာမှမပေးရင်လဲ NUCC ထဲကထွက်ပြီး မိမိဖာသာ ရပ်တည်ပါ။ မဟုတ်ရင် လက်နက်တကယ်ပေးနိုင်သူတွေက အမေရိကန်နဲ့နီးစပ်တဲ့အဖွဲ့တွေနဲ့တွဲနေလို့  သူ့ထံကလဲ လက်နက်မရ အမေရိကန်ကလဲ လက်နက်မရနဲ့ တော်လှန်ရေးက ကြားညှပ်သွားပါမယ်။


ယခုအချိန်အထိ ပြသသွားတာက လူမျိုးမစွဲဘဲ အားလုံးစည်းလုံးညီညွတ်ရင် အောင်မြင်မှုရနိုင်တယ်ဆိုတာ ၁၀၂၇ က ပြသွားခဲ့တာပါ။ ယခု paradigm shift အနေနဲ့ တွေးခေါ်မှုကို ပြောင်းပြန်စဉ်းစားရမှာက NLD နဲ့ အမေစုဖောင်းထုတာက အချိန်ပြည့်သွားခဲ့ပါပြီ။ ၂၀၂၁ အစပိုင်းမှာ ဖောင်းထုတာက အဆင်ပြေပါတယ်။ ဥပမာ NLD က အမိန့်နဲ့ တိုင်းရင်းသားတွေကို တိုက်တယ်ဆိုတဲ့ ခွေးစစ်တပ်ဂျင်းမျိုးပေါ့။ ယခုသင်တို့ကို NLD အစိုးရမရှိလဲ ဗုံးကြဲနေတာ တိုက်နေတာ အကြမ်းဖက်အဖွဲ့ကြေငြာတာ မမေ့ပါနဲ့။ အစ်ကိုထွန်းတောင် လေသံပြောင်းလာနေပါပြီ။ ဒီဂျင်းကို ယခုအချိန်မှာ မအလရဲ့ အကြမ်းဖက်အဖွဲ့ ကြေညာခံရတဲ့ ဗုံးကြဲခံနေရတဲ့အဖွဲ့တွေ နားလည်မှာပါ။ ယခုအချိန်မှာ DASSK အစိုးရမဟုတ်တော့ပါ။


သင်တို့က NUG ကို ဘယ်လိုသဘောထားလဲဆိုတာ ဖယ်ဒရယ်ဆိုတဲ့ အဖွဲ့များက ချပြသင့်ပါပြီ။ NUG က ဗမာသာကိုယ်စားပြုတယ်ဆိုရင်လဲ သင်တို့က ရှင်းလင်းစွာပြောပြီး NUG ကလဲ မိမိနဲ့ဆိုင်တဲ့ဒေသမှာ ကျန်းမာရေး၊ စစ်ရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးကို အာရုံစိုက်ပေးပါ။


အတွေးအခေါ်များပြောင်းလဲပြီး ၂၀၂၄ မှာ ရှေ့သို့တက်လှမ်းနိုင်အောင် ကြိုးစားနိုင်ကြပါစေ။ ပြောင်းလဲရမှာက NUCC နဲ့ ဖယ်ဒရယ်ယူနစ်တွေက NUG က ဘယ်သူ့ကို ကိုယ်စားပြုတယ်လို့ ထင်မြင်သလဲဆိုတာပါ။ မြောက်ပိုင်းသုံးဖွဲ့လို ကိုယ်စားမပြုဘူးဆိုလဲ ပြဿနာမရှိပါ။ ပြဿနာက မမဆောင်းလို ပြုသလိုလို မပြုသလိုလို တိုက်သလိုလို မတိုက်သလိုလိုကသာ ပြဿနာပါ။ NUG ထံက ပိုက်ဆံတွေကို အသိအမှတ်မပြုရင်လဲ မယူပါနဲ့။ DASSK ထောက်ခံသူ NLD ထောက်ခံသူတွေထံက အလှူမခံပါနဲ့။


NUG အနေနဲ့လဲ မိမိကိုယ် ဗမာဒေသသာ ကိုယ်စားပြုတယ်ဆိုလဲ ဘာမှမရှက်ဘဲ မိမိအလုပ်ကိုယ်သာမိမိ ဖိဖိစီးစီးလုပ်ပေးပါ။ ထွက်ပြေးချင်နေတဲ့ မိန်းမတစ်ယောက်ကို အောက်ကျို့ခေါ်စရာ မရှိပါ။ အိမ်ထောင်ဆိုတာ နှစ်ဦးသဘောတူမှ ပေါင်းလို့ရပါတယ်။ ဖယ်ဒရယ်ဟာလဲ ထို့အတူပါဘဲ။ တော်လှန်ရေးမှာ ပြတ်သားဖို့တော့ လိုပါတယ်။ မနိုင်ဝန်ထမ်းရင် အချိန်ကြာနိုင်ပြီး အဆဲခံရတာသာ အဖတ်တင်မှာပါ။ ပြောင်းလဲဖို့ဆိုရင် NUCC ကိုပြောင်းလဲဖို့လိုသလို ဖယ်ဒရယ်ယူနစ်ဆိုသူတွေကလဲ NUG က ဘယ်သူ့ကို ကိုယ်စားပြုလဲဆိုတဲ့ မိမိတို့ရဲ့အမြင်ကို ပြောင်းလဲသင့်ပါပြီ။ နှစ် ၆၀ က လူမျိုးစွဲအတွေးအခေါ်ကနေ တော်လှန်ရေးကို ဗဟိုပြုပြီး ပြတ်သားတဲ့ ဦးဆောင်မှုပေးဖို့လိုအပ်နေပါပြီ။ တိုင်းပြည်မှာလိုအပ်နေတာက ပြည်တော်ဝင်သီချင်းနဲ့ မန္တလေးဝင်နိုင်တယ်လို့ထင်ချိန်မှာ လင်းလင်းရဲ့ ရောင်နီသီချင်းလေးနဲ့ မန္တလေး PDF က ရှေ့သို့ဆိုပြီး ပေါက်သွားအောင်လုပ်တဲ့ တွေးခေါ်မှုမျိုးပါ။ AA နဲ့ TNLA ခေါင်းဆောင်တစ်ချို့မှာ လုပ်နိုင်တာ တွေ့ရသလို NUG မှာလဲ တွေ့နေရပါတယ်။ အခြားအဖွဲ့များလဲ ပြတ်သားစွာ ခေါင်းဆောင်နိုင်ပါစေ။

(စာကြွင်း./ Disclaimer) ယခုအမြင်များသည် စာရေးသူ၏ အမြင်သာဖြစ်ပါသည်။ NUG/NLD နှင့် မသက်နိုင်ပါ)

242 views0 comments

Recent Posts

See All

အောက်တိုဘာ အဆုံးအဖြတ်

အောက်တိုဘာ အဆုံးအဖြတ် ပါတီထောင်ပြီး နိုင်ငံရေးလုပ်တော့ လက်နက်နဲ့ အနိုင်ကျင့်ပြီး အာဏာသိမ်းတယ် လက်နက်ကိုင်ပြန်ချတော့ လက်နက်စွန့်ပြီး...

Comments


bottom of page