ယခင်ကဆောင်ပုဒ်က တပ်မတော်ကို ဖြိုခွဲသူ ဒို့ရန်သူဆိုပြီး အော်လေ့ရှိပါတယ်။ ၁၉၈၈ နောက်ပိုင်းစစ်အာဏာရှင်လက်ထက်မှာ တပ်မတော်ဟာ တန်ခိုးထွားခဲ့ပါတယ်။ ဗိုလ်ကြီးအဆင့်လောက်ဟာမြို့နယ် မဝတ ဥက္ကဌဖြစ်လို့ အရေးပါခဲ့ပါတယ်။ ထို့အတူပါဘဲ အရပ်ဖက်ကိုပြောင်းပြီးလဲ မိုးကျလုပ်ဖို့လွယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တွေက နိုင်ငံခြားထွက်ဖို့ဟာလဲ ခက်ခဲ့ပါတယ်။ ဒါကြောင့် ဆယ်တန်းအပြီးမှာ စစ်ဗိုလ်ဖြစ်လိုသူက ဗိုလ်သင်တန်းတက်သလို အကြောင်းကြောင်းကြောင့် လယ်မလုပ်လိုသူနိုင်ငံခြားကလဲ မထွက်နိုင်လို့ တပ်ထဲဝင်ကြပါတယ်။ ပိုက်ဆံရှိသူနဲ့ ပညာတတ်သူအပိုင်းကတော့ စင်ကာပူကိုသွားတာ တွေ့ခဲ့ရပါတယ်။
အဲ့ဒါတွေဟာ ယခုအချိန်မှာ ပြောင်းလဲလာခဲ့ပါတယ်။ DASSK အစိုးရတက်လာအပြီး မိုးကျအနေနဲ့အရပ်ဖက်ပြောင်းတာဟာ ရဲဘက်ကိုပြောင်းတာကလွဲရင် ယခင်ကလိုမလွယ်တာတွေ့ရပါတယ်။နောက်ပြီး ဗိုလ်လောင်းသင်တန်းကို တက်ခွင့်လျှောက်သူဟာ ယခင်ကလောက် မများတော့တာ တွေ့ရပါတယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ဗိုလ်လောင်းကိစ္စကအဆင်ပြေနေပါတယ်။ပြဿနာက အောက်ခြေအဆင့်တွေမှာ စပေါ်လာပါတယ်။ လူအများစုဟာ စစ်သားအလုပ်ကို စိတ်မဝင်စားကြတော့ပါ။ အများစုက နိုင်ငံခြားသွားတာနဲ့ ကျန်ခဲ့သူကလဲ အခြားအလုပ်များသာ လုပ်လာကြပါတယ်။ လွှတ်တော်ထဲမှ အပြောအဆိုများကြောင့် ပိုမုန်းလာကြပါတယ်။ တပ်ထောက်ခံသူအမျိုးသားရေးသမားများဟာလဲ လေသာရှိပြီး တပ်ထဲကို ဝင်မလာကြပါ။ ဒါ့အပြင် လက်နက်ကိုင်လိုသူ လူငယ်အချို့ဟာ ရဲတပ်ဖွဲ့ထဲကိုသာ ဝင်သွားကြတာလဲ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ နေ့တွက်စားရိတ်ကို DASSK အစိုးရလက်ထက်မှာ တိုးပေးလိုက်တာကလဲ တွန်းအားတစ်ခုပါ။ အချုပ်ကတော့ စစ်သားသစ်စုဆောင်းရတာ ခက်လာတာပါ။
ဒီပြဿနာတွေကို အထက်လူကြီးတွေသိလား? တဆတမှာ ဗိုလ်ချုပ်သက်ပုံ ကျောင်းအုပ်ကြီးဖြစ်စဉ်ကဆိုရင် တစ်လလျှင် ရဲဘော်သစ်စုရန် အဖွဲ့တစ်ဖွဲ့စီ ဖွဲ့ခဲ့ပါတယ်။ ၁၂ လအတွက် ၁၂ ဖွဲ့ပေါ့။ ဘယ်အရပ်သားမှလဲ ယခုအချိုးနဲ့ တပ်ထဲ မဝင်လိုကြပါ။ အဆုံးမှာတော့ တစ်ယောက်ကို ၁၅ သိန်း ပေး ဝယ်ကြရတာပါ။ ပြဿနာက အဲ့ဒီမှာစတာပါ။ မင်္ဂလာဒုံတပ်နယ်ထဲမှာဆိုရင် စစ်သားစုဆောင်းဖို့ကိုအောက်ခြေက အရာရှိငယ်များကသာ အကုန်ခံကြရပါတယ်။
ထိုငွေကို ဗိုလ်ကြီး၊ ဗိုလ်မှူးများကသာ ထည့်ဝင်ရပြီး လစဥ် ကား၊ ဦးပိုင်ရှယ်ယာမှ အမြတ်များစွာနှင့်စီးပွားရေး လုပ်ပိုင်ခွင့် ၊ ဆီခွဲတမ်း လုပ်ပိုင်ခွင့်များစွာ ရရှိနေသော အထက်လူကြီးအကြိုက် ဖားနေသော မှူးကြီး ဒုမှူးကြီးများက လက်အောက် ငယ်သားများနှင့် အတူတူ တပြေးညီမထည့်ဝင်ဘဲ ရဲဘော်သစ်ခွဲတမ်း ပိုက်ဆံများကို စုဆောင်းရေးတွင် စျေးကြီးသည်ဟု အကြောင်းပြ ခေါင်းပုံဖြတ်လေ့ရှိပါတယ်။ စိတ်ဓာတ်ကျ၍ ပြန်မပြောရဲသော အောက်ခြေစစ်သည်များကတော့ ရဲဘော်သစ်ပေါက်စျေးထဲသို့ တချို့လတွင် ၅ သောင်း တချို့လ ၈ သောင်း တချို့လ တွင် ၁ သိန်း ထိ ထည့်ဝင်ရပါသည်။
ဒီအချိန်မှာက ဗိုလ်ကြီး ဗိုလ်မှူးတွေလဲ ခေါင်းဆင်နင်းခံနေရပါတယ်။ တပ်ထဲမှာ ကိုဗစ်အတွက် ၆ လဆက်တိုက် လစာဖြတ်ခံရသလို လစဥ်ဦးပိုင်ရှယ်ယာထည့်ရခြင်း၊ အောင်မြင့်မိုရ် အသက်အာမခံထည့်ရခြင်း တို့ကြောင့် အကုန်အကျများနေရသည့်အထဲ ရဲဘော်သစ်ပေါက်စျေး ပေးရခြင်းသည်လည်းအရာရှိ ငယ်များအတွက် မြေနိမ့်ရာလှံစိုက် သလိုပါဘဲ။ ယခုအဘက ဘုရားတည်တာကို ဖြတ်ဖို့ပါ လုပ်လာနေပါပြီ။ ရဲဘော်သစ်စုဆောင်းပြီး ပိုက်ဆံပေးရတာက အောက်ခြေအရာရှိများဖြစ်ပေမယ့် ရာထူးတက်သွားတာကတော့ အဘကြီးတွေပါ။ ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်၊ နောက်တိုင်းမှူး အဆင့်ဆင့်ရာထူးတိုးသွားကြပါတယ်။
တပ်သားက ဘယ်လောက်ရှားလာသလဲဆိုရင် ကျောင်းအုပ် တပ်မှူးများ မှ လစဥ်တန်းစီ ဒါဘာများတွင် ရဲဘော်သစ်စုရန်၊ မရလျှင် အဖွဲ့လိုက်ဝယ်ရန်၊ ခွင့်ပြန်လိုလျှင် ရဲဘော်သစ်စုနိုင်မှ ခွင့်ပြန်ရန်၊ရဲဘော်သစ်မစုနိုင်လျှင် ခွင့်လိုချင်ပါက ရဲဘော်သစ်အတွက် ပိုက်ဆံပေးရန်၊ အရာရှိ အခြားအဆင့်များရာထူးတိုးအတွက် ရဲဘော်သစ်မရလျှင် မထောက်ခံနိုင်ဘူး ဟု ပေါ်တင်ပြောရတဲ့အထိ ဆိုးလာနေပါပြီ။Desperate ဖြစ်နေတာပေါ့။
ဒီလိုဖြစ်နေတာက ရန်ကုန်တိုင်း မင်္ဂလာဒုံ တပ်နယ်ရှိ တဆတ အပါအဝင် ဆေးရုံကြီး၊ တက္ကသိုလ်၊ဆေးတပ်၊ ဆေးရုံ၊ လေတပ်၊ အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်များ၊ တညင်းကုန်းစစ်သားစုဆောင်းရေးတပ်၊ အောင်မင်္ဂလာအဝေးပြေးစုဆောင်းရေးအဖွဲ့၊ လက်ရုံးတပ်များ၊ သန်လျင်တပ်နယ်၊ မှော်ဘီတပ်နယ်၊ တိုင်းစစ်ဌာနချုပ် တပ်မ မေမြို့မှ စစ်ကျောင်းကြီးများအားလုံးမှာ ဖြစ်နေတာပါ။
ရန်ကုန်မှာကတော့ ဗိုလ်ချုပ်သက်ပုံ တဆတ ကျောင်းအုပ်ကြီးနှင့် မဂ်လာဒုံတပ်နယ်မှူး ကတည်းကစတင်ခဲ့သော ရဲဘော်သစ်အတွက် အချိုးကျထည့်ဝင်ရတဲ့ မူဝါဒအမှားကြောင့်ပါ။ မထည့်ဝင်သူများကိုတော့ ကျောင်းအုပ်ရုံး တပ်ရင်းမှူးရုံး တပ်မှူး ရုံး တင်ပြီး အဆူခံ အပြောခံရပါသည်။
အောက်ခြေတပ်သားတွေ၊ အရာရှိငယ်လေးတွေရဲ့ ပိုက်ဆံကို နည်းမျိုးစုံဖြတ်နေလို့ လစာနှင့်မလောက်ငသော၊ မိဘ စီးပွားရေး လုပ်ငန်းမရှိသော၊ လစာဖြင့်သာ ရပ်တည်နေရသော၊ တခြားငွေရလမ်းကြောင်းမရှိသော၊ ရိုးသားသော အရာရှိများ အရာရှိငယ်များ အခြားအဆင့်များမှာချက်လက်မှတ်များ လမကုန်ခင် ကြိုတင်ပေါင်နှံသုံးစွဲရခြင်း၊ အကြွေးထူခြင်းများ ဖြစ်ပေါ်နေရပြီးတချို့အရာရှိများမှ မိဘအိမ်မှ မှာယူနေကြရပါတယ်။ အချို့ဆို တပ်ထဲက ထွက်ပြေးချင်တဲ့ အထိပါ။
ဒီမူဝါဒတွေကတော့ သက်ပုံကို မအလက ပို့ချခဲ့တာပါ။ မအလကိုတော့ ဘရွှေကပေါ့။ ယခုအတိုင်းဆက်သွားနေရင် တပ်သားသစ်စျေးက ၁၅ သိန်းကနေ နောင်ငါးနှစ်မှာ သိန်း ၁၅၀ ဖြစ်သွားနိုင်ပါတယ်။သူတို့က ခံယူချက်မရှိရင် စစ်တိုက်ပါ့မလား မေးစရာပါ။ ယခုအချိန်က တပ်သားမပြောနဲ့ အရာရှိငယ်လေးတွေတောင် ထွက်ချင်နေပါပြီ။
ဒီပြဿနာကို စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ဖြေရှင်းမယ်လို့ စိတ်ကူးယဉ်ကြည့်ပါ။ အားလုံးစစ်ပညာတတ်သွားပြီး လက်နက်ကိုင်နေတုန်း ၈၈ လိုဖြစ်ရင် တပ်သားတွေက မပစ်ဘဲ သေနတ်ပြောင်းက အဘဘက်လှည့်လာဖို့သာ ရှိမှာပါ။
အကျဉ်းချုပ်ပြောလိုတာက အဘအနေနဲ့ လက်ရှိမူဝါဒကိုပြင်မှ တပ်မတော်ကို ပြည်သူကချစ်ပြီးပြန်လည်ထူထောင်နိုင်ပါမယ်။ မဟုတ်ရင်တော့ တပ်မတော်ကြီးဟာ အလိုလို ပြိုကွဲသွားလိမ့်မယ်လို့သတိပေးပါရစေ။
ရဲဘော်တွေကို သနားပါ။ အရာရှိငယ်တွေကို သနားပါ။ စာနာပါလို့ ပြောပါရစေ။ စာရေးသူရေးတာ မှန်လား မှားလား ဗိုလ်ချုပ်သက်ပုံသိမှာပါ။
Comments