top of page
Search
Writer's pictureMyat Tun Oo

ဒီနေ့ဆွေးနွေးပွဲက ပေးလိုက်သောအသိ


ဒီနေ့ဆွေးနွေးပွဲမှာ DASSK နဲ့ မေ့ဆေးဆရာမကြီး ဆွေးနွေးခဲ့တာက မြန်မာပြည်ရဲ့ ဆေးပညာလောကအခြေအနေနဲ့ ဘာကြောင့် လက်ရှိအချိန်မှာ ဒီမိုအစိုးရရဲ့ လက်ရှိဗျူဟာက အကောင်းဆုံးဆိုတာတွေကို သိခွင့်ရလာပါတယ်။

ပထမဆုံးကိုဗစ်ဖြစ်သူအများစုက မသေကြပါဘူး။ သေနှုန်းအများဆုံးနိုင်ငံတောင် ၁၂% လောက်သာတွေ့ရပါတယ်။ ကင်ဆာဖြစ်ရင်က သေဖို့ပိုသေချာပါတယ်။ ဒါပေမယ့် သူက အသက်ရူလမ်းကြောင်းထိတယ်။ အချို့လူတွေမှာ အသက်ရူစက်လိုပြီး အထူးကြပ်မတ်ကုသဆောင်မှာနေရပါတယ်။ အဲ့ဒီကိုရောက်ရင်တော့ တော်ပါပေ့ဆိုတဲ့ အမေရိကန်၊ အင်္ဂလန်၊ အီတလီနဲ့ စပိန်မှာတောင် သေကြပါတယ်။အထူးကြပ်မတ်ကုသဆောင်ရောက်သူရဲ့ တစ်ဝက်နီးပါးသေပုံပါ။ ဒါက တရုတ်၊ ဥရောပနဲ့ အမေရိကန်မှာ အတူတူပါ။

ဒီမှာ အဘသားတွေ ဖွတ်တွေက သုံးလတောင်အချိန်ရတာ ဘာလို့မပြင်တာလဲဆိုပြီး ဖောင်းထုတာလဲရှိပါတယ်။ သူတို့လဲ သူတို့ဉာဏ်မှီသလောက်ပေါ့။ လူလို အသိဉာဏ်ရှိသူက လူလိုတွေးပြီး ဖွတ်လို ခွေးလိုအသိဉာဏ်ရှိသူကလဲ သူ့ရှိသလောက်နဲ့ ဝေဖန်မှာပါ။

ဒီလိုအခြေအနေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လိုကာကွယ်ကုသမလဲ? ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်၏ Prevention is better than Cure ဆိုတဲ့ဗျူဟာကိုသုံးမလား ဒါမှမဟုတ် အထူးကြပ်မတ်ကုသဆောင်တွေကို တိုးချဲ့ပြီး ဖြစ်လာမှ ထိုင်ကုမလားဆိုတဲ့ နည်းဗျူဟာ နှစ်ခုပါ။

ယခု DASSK နဲ့ ဝန်ကြီးက ကာကွယ်ရေးဘက်ကိုအလေးပေးတဲ့ ဗျူဟာကို ရွေးလိုက်တာပါ။ ဘာကြောင့်လဲ? အားလုံးသိတဲ့အတိုင်း မြန်မာပြည်ဟာ ၂၀၁၀ လောက်မှာ ကျန်းမာရေးအတွက်လူတစ်ဦးကို သုံးဒေါ်လာလောက်သာ သုံးခဲ့ပါတယ်။ နောက်ပြီး ဆေးရုံတွေကိုဆောက်ရာမှာ မေ့ဆေးနဲ့ ခွဲစိတ်ပြီးလူနာထားဖို့လောက်သာရှိပြီး အထူးကြပ်မတ်ကုသဆောင်(Intensive Care Unit) ဆိုတာ ရန်ကုန်၊ မန္တလေး၊ မကွေးလောက်သာရှိပါတယ်။ နောက်ရန်ကုန်က ပုဂ္ဂလိက ဆေးရုံကြီးအချို့ပေါ့။ ဒါဆိုရင် ဆေးရုံဆောက်ရင်သုံးလနဲ့ရပြီလားဆိုတာ မေးခွန်းရှိပါတယ်။ ဖောင်ကြီးလိုပေါ့။ ဒါကလဲ အဖြေမဟုတ်ပါဘူး။ ဆေးရုံတွေမှာ ဆေးမရှိတာ ဆရာဝန်မရှိတာဟာ နယ်ဆေးရုံတိုင်းရဲ့ ပြဿနာပါ။ ယခုဒီမိုအစိုးရလက်ထက်မှာ ဖြေရှင်းနေတာ တိုးတက်မှု အတိုင်းအတာတစ်ခုအထိရှိလာပါတယ်။ ဒါပေမယ့် အဓိကဖြေရှင်းနည်းက ဖယ်ဒရယ်မိုလို့ ယခုဗဟိုကဖြေရှင်းတာဟာ ၁၀၀% အဖြေမဟုတ်ပါ။ ဥပမာ ပဲခူးအစိုးရက လက်ထောက်ဆရာဝန်ခန့်ပေမယ့် အဲ့ဒီလက်ထောက်ဆရာဝန်ဟာ ဗဟိုကခန့်တာနဲ့ ဘွဲ့လွန်ဖြေခွင့်ဘာညာက ကွာပါတယ်။ ယခုလိုခန့်ခွင့်တောင် ဒီမိုအစိုးရလက်ထက်မှာမ ပိုအဆင်ပြေလာတာပါ။ ဥပမာ ချင်းက သူ့ဆရာဝန်ကို သူ့လူမျိုးထဲက သူခေါ်ရင် ပိုမြဲမှာပါ။ ဒါက သာမန်ဆရာဝန်ကိုပြောတာနော်။

ကိုဗစ်ကို ကုရာမှာက အထူးကြပ်မတ်ကုသဆရာဝန် Intensivist တွေလိုပါတယ်။ သူတို့ဟာ မေ့ဆေးဆရာဝန်အဆင့်မဟုတ်ဘဲ အထူးကြပ်မတ်ကုသဆောင်မှာ ကုသတတ်အောင် လေ့ကျင့်ပေးထားသူတွေပါ။ နောက်အဆုတ်အထူးကုတွေလဲ လိုပါတယ်။ မြန်မာပြည်မှာက အဆုတ်အထူးကုအနည်းငယ်ရှိပေမယ့် Intensivist က အဘလက်ထက်က မွေးထုတ်ထားတာ မရှိသလောက်ပါ။ ယခုက မေ့ဆေးဆရာဝန်တွေက သူတို့သိသလောက်နဲ့ ကုနေရတာပါ။ ဒါဆို မင်းတို့ဒီမိုအစိုးရက မွေးထုတ်လိုက်ပါလား? သုံးလတောင် အချိန်ရတာဘဲဆိုရင် ဆေးလှုပ်သောက်ပါလို့ ပြောပါရစေ။

စာရေးသူလဲ ဒီနေ့လေ့လာရာမှာ အမေရိကန်မှာ အထူးကြပ်မတ်ကုသဆောင်အထူးကုဖြစ်ဖို့ကို ဆေးကျောင်းအပြီး အထွေထွေဆရာဝန် Residency အနေနဲ့ သုံးနှစ်၊ နောက် speciality ရောဂါတစ်ခုအထူးကုအနေနဲ့ ၂-၃ နှစ်၊ ပြီးရင် အထူးကြပ်မတ်ကုသအထူးကု certification of Intensivist အနေနဲ့ ၂ နှစ်စုစုပေါင်းအနည်းဆုံး ၈ နှစ်ကြာတာ တွေ့ရပါတယ်။

အင်္ဂလန်ကိုလေ့လာရာမှာ အလုပ်သင်ဆရာဝန် Foundation Year ကာလ ၂ နှစ်၊ လက်ထောက်ဆရာဝန်core training အထွေထွေအထူးကု ၂-၃ နှစ်၊ ပြီးရင် မေ့ဆေးနဲ့ အထူးကြပ်မတ် ၅ နှစ် (စုစုပေါင်း ၁၀နှစ်) ဒါမှမဟုတ် အထူးကုဆရာဝန် ၅ နှစ်နဲ့ အထူးကြပ်မတ် ၂ နှစ် (စုစုပေါင်း ၁၂ နှစ်) ကြာပါတယ်။

DASSK ပြောသွားတဲ့ လက်တွေ့သင်ကြားမှု simulation ကို ရန်ကုန်က ဆေးတက္ကသိုလ်မှာ ဖွင့်နိုင်တာ ဒီမိုအစိုးရလက်ထက်မှပါ။ မကြာသေးပါ။ အားလုံးသိတဲ့အတိုင်း အထူးကြပ်မတ်ဆရာဝန် Intensivist ကိုမွေးထုတ်ဖို့ဟာ သင်ရိုးညွှန်းတန်းစွဲတာမပါရင်တောင် အမြန်ဆုံး ၈ နှစ် အကြာဆုံး ၁၂ နှစ်ပါ။ ဒါကြောင့် သမိုင်းကို ပြန်ကြည့်ရာမှာ ယခင်စစ်အစိုးရလက်ထက် ကျန်းမာရေးမှာ ၂၀၁၀ လောက်က ရင်းနှီးမြုပ်နှံမှုမရှိဘဲ ယခုချက်ခြင်းပြင်ခိုင်းတာဟာ ရူးလို့ပြောကြတာပါ။ ကိစ္စတစ်ခုဟာ အတိတ်၊ ပစ္စုပန်နဲ့အနာဂတ်ဟာ ဆက်စပ်နေပါတယ်။

ယခုပြောတာဟာ ဆရာမကြီးပြောသွားတဲ့ အသက်ရူစက်မျိုးစုံ ကိုင်တွယ်ပုံဘာညာ မပါသေးပါ။

အကျဉ်းပြန်ချုပ်ရရင် တိုင်းပြည်ရဲ့ ကျန်းမာရေးကဏ္ဍဆိုတာ သုံးလအတွင်း ရင်းနှီးမြုပ်နှံလိုက်လို့ ရတာမဟုတ်ပါ။ အဘလို ဖော်ရှိုးလုပ်ရင်တော့ တမျိုးပါ။ ဒါကြောင့်မိုလို့ ယခုအစိုးရဟာ ရှိတဲ့ လူသားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်ပေါ်မှာ မူဝါဒ ချမှတ်ရတာပါ။ အဘတို့လုပ်ထားခဲ့တဲ့ အဆိုးထဲကအကောင်းဖြစ်အောင် လုပ်နေတာပါ။ ဒါကြောင့် ယခုလုပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒဟာအကောင်းဆုံးပါလို့ ပြောပါရစေ။

Credit: written by medical professionals and edited by Myat Tun Oo

Source: American Intensive Care Society and UK Training in Intensive Care Medicine

2,853 views0 comments

Comments


bottom of page