top of page
Search
Writer's pictureMyat Tun Oo

ပြည်တွင်းလား ပြည်ပလား စည်းလုံးမှုလား?


တော်လှန်ရေးအစမှာ အချို့က ပြည်တွင်းမှာသာ တော်လှန်ရေးလုပ်လို့ရမယ် ပြည်ပက လုပ်မရဘူး၊အချို့ကလဲ ပြည်ပကငွေပါမှရမယ် ဘာညာဆိုပြီး အငြင်းပွါးကြတာ တွေ့ရပါတယ်။ DASSK အမြဲမှာတာက စည်းလုံးကြပါဆိုတာပါ။ ဒီနေရာမှာ တော်လှန်ရေးအတွက် ပြည်တွင်းက အရေးကြီးလားပြည်ပကအရေးကြီးလား မိမိရပ်တည်မှုကအရေးကြီးလား စည်းလုံးညီညွတ်မှုကလားဆိုတာ လေ့လာကြည့်ရအောင်။

မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအောက် အဖွဲ့ပေါင်းစုံရှိခဲ့ပြီးသဘောမတူတာတွေကို လွတ်လပ်ရေးရပြီးမှ ရှင်းမယ်ဆိုပြီး ထားခဲ့ကြပါတယ်။ ဗိုလ်ချုပ်လုပ်ကြံခံရအပြီး ဘာဖြစ်သွားလဲ အားလုံးသိကြမှာပါ။ နေဝင်းအာဏာသိမ်းနိုင်ခဲ့တာဟာ ဖဆပလပြိုကွဲခဲ့တာလဲအကြောင်းတစ်ခုပါ။ ထိုအချိန်က အောင်ကြီး၊ မောင်မောင်၊ အောင်ရွှေတို့ဟာ အာဏာသိမ်းမယ်ဆိုပြီးနေဝင်းထက်တောင် ဆိုးခဲ့ပါတယ်။ ယခု မိုးမြင့်ထွန်းတို့လိုပေါ့။ နေဝင်းနဲ့ မအလတပ်ဟာ တိုင်းပြည်တိုးတက်အောင် ဘာမှမလုပ်တတ်ပေမယ့် ရန်သူတွေကြား သွေးခွဲတတ်ခဲ့ပါတယ်။ KNU ကျဆုံးခဲ့တာဟာ DKBA ကို ခွဲထွက်အောင် လုပ်နိုင်ခဲ့လို့ဆိုတာ မမေ့သင့်သလို ကိုးကန့်ကို မအလသိမ်းနိုင်ခဲ့တာဟာလဲ သူ့လူနဲ့ သူပုန်ကန်ရာက စခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သမိုင်းဆိုတာ မအအောင် သင်တာပါ။

ဒီနေရာမှာ ပြည်တွင်း၊ ပြည်ပ ဘယ်ကနေ တော်လှန်ရေးလုပ်ရမှာလဲဆိုတာကို ပြန်လေ့လာရအောင်။ ပုံမှန်စဉ်းစားကြည့်ရင် မြန်မာပြည်တော်လှန်ရေးက အမေရိကန်၊ အင်္ဂလန်ကနေ လုပ်တာမဟုတ်ဘဲမြန်မာပြည်ထဲမှာလုပ်တာပါ။ ဒါကြောင့် ပြည်တွင်းမှာစိုးမိုးနိုင်မှုက အရေးကြီးဆုံးပါ။ NUG အစိုးရအဖွဲ့ကို ပြန်လေ့လာကြည့်ရင် သမ္မတ၊ ဝန်ကြီးချုပ်၊ ကာဝန်၊ ပြည်ထဲရေးဝန်ကြီး၊ စီမံဘဏ္ဍာ၊ သယံဇာတဝန်ကြီးတွေက ပြည်တွင်းမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဟာ ပြည်တွင်းမှာနေလို့ အကျိုးမရှိပါ။ ဒါကြောင့်နိုင်ငံခြားရေးဝန်ကြီး၊ လူကယ်ပြန်တို့ဟာ အပြင်အတွင်း ချိတ်ဆက်ဆောင်ရွက်ရပါတယ်။ ဒါက ထင်သာ မြင်သာအောင် ပြောပြတာပါ။

ဒါဆိုပြည်ပကနေ တော်လှန်တာက အကျိုးမရှိဘူးလား? စရဖစစ်တမ်းတွေ၊ ထောက်လှမ်းရေးသုတေသန ပြုချက်တွေအရ တော်လှန်ရေး ရန်ပုံငွေဟာ တော်လှန်ရေးအစပိုင်းမှာ ပြည်တွင်းကလာပေမယ့် ယခုနောက်ပိုင်းကာလမှာ ပြည်ပကနေ အဓိကလာတယ်လို့ မှတ်ချက်ပြုထားပါတယ်။ အဆိုပါကိစ္စမှာ တစ်ဦးချင်းရှိသလို လစဉ်အလှူခံတာကနေ လာတာလဲရှိတယ်လို့ဆိုပါတယ်။ ဒါကနေတော်လှန်ရေးကို လည်ပတ်နေတာလို့ဆိုပါတယ်။ ပြည်ပက ငွေမဝင်ရင် NUG ဟာ AAနဲ့ UWSA လိုအခြားဝင်ငွေမရှိလို့ တော်လှန်ရေးကို ထိန်းချုပ်နိုင်မယ်လို့ တွက်ထားပါတယ်။ ဒီအစီရင်ခံစာအကြောင်းကို နောက်ပိုင်းအသေးစိတ်ရေးပါ့မယ်။ ဒါကြောင့် ပြည်ပက မြန်မာတွေရဲ့ ထောက်ပံ့မှုဟာအရေးပါနေပါတယ်။ မြောက်အိုင်ယာလန်က IRA တော်လှန်ရေးအဖွဲ့ကို ထောက်ပံ့ခဲ့တာဟာ အမေရိကန်ရောက် အိုင်ယာလန်လူမျိုးတွေပါ။ ဒါကြောင့် ပြည်ပရောက် မြန်မာတွေဟာလဲ တော်လှန်ရေးအတွက် အရေးပါပါတယ်။

ဒါဆိုရင် CDM ကအရေးပါလား? နန်းက အရေးမပါဘူးလား? စစ်တိုက်ရာမှာ အတွင်းသတင်းက ပိုအရေးကြီးပါတယ်။ တပ်ထဲက CDM လုပ်တာက နာမည်အရ အစပိုင်းကောင်းပေမယ့် နောက်ပိုင်းမှာထောက်ပံ့ငွေမရဘူး ဘာညာဆိုရင် သူဟာ အခွင့်အရေးလိုချင်လို့ CDM လုပ်တာလား ဒလန်လားဆိုတာ မေးခွန်းထုတ်စရာရှိလာပါမယ်။ မအလတပ်ထဲမှာ CDM လုပ်သူကို ထုတ်ရှင်းရလွယ်ပေမယ့် ကျန်နေတဲ့ ဖရဲသီးဒုက္ခပေးရင် မအလတပ် အသတ်ခံရတာက မအလတပ်ကို စိတ်ဓာတ်အရ ပိုတုန်လှုပ်စေပါတယ်။ လေတပ်က ဒုဗိုလ်မှူးကြီး အပစ်ခံရအပြီး ဆေးရုံမှာသေချိန်မှာ မအလ လေတပ်အတွင်းတုန်လှုပ်သွားခဲ့ပြီး ဒီလူအိမ်ပြန်တာကို တပ်တွင်းဖရဲသီး သတင်းပေးလို့ဆိုပြီး အားလုံးစောင့်ကြည့်ခံနေခဲ့ရပါတယ်။ အစပိုင်းမှာ ငြင်းနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့လူသူဖမ်းပြီး စစ်ရမှာပါ။လောလောဆယ်မှာ အထဲကလူကိုလဲ မပြောရဲ စောင့်လဲကြည့်နေနဲ့ ဗျာများနေပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ မအလတပ်ဟာ ဖရဲသီးဒုက္ခပေးမှာကို ဘယ်လောက်ကြောက်လဲဆိုတာပါ။ CDM က ဘာပြောပြော ထိုအရာရဲ့ သက်ရောက်မှုက တပ်တွင်းဖရဲသီးထလုပ်ရင် သက်ရောက်မှုလောက် မကြီးပါ။ဥပမာ လေတပ်စခန်းအတိုက်ခံရင် ပစ်တာက တပ်တွင်းနေရာကို မြေပုံနဲ့ သိနေသလိုမျိုး PDF က လုပ်သွားတာဟာ ဖရဲသီးကြောင့်လို့ ယူဆကြပါတယ်။ ဒါပေမယ့်လဲ ဖမ်းမရပါ။ ထို့အတူ အခြားဌာနဆိုင်ရာတွေမှာလဲ ဖရဲသီးလို နန်းတွေက ဒုက္ခပေးရင် CDM ထက် ပိုခံရပါတယ်။ ဥပမာ နန်းက ဗုံးထောင်ပေးသွားတာမျိုးပါ။ CDM ဆိုပြီး သက္ကမိုးညိုလို စရဖသတင်းပေးလုပ်နေရင် ပိုဆိုးပါမယ်။ ဒါကြောင့်CDM ဖြစ်ဖြစ် နန်းဖြစ်ဖြစ် သူ့လုပ်ရပ်ကသာ အရေးကြီးတာပါ။

ပြည်တွင်းမှာလဲ ရန်အောင်လို စိုးမြတ်သူဇာလို ယုန်လေးလို စောင်နီမနေရင် စောင်ခြုံပေးရမှာပါ။ပြည်ပကနေ အိုင်းရင်းလို ငွေအကောက်ပြပြီး စရဖသူလျှိုဖြစ်သွားရင်လဲ ဘာမှာမထူးပါ။ ဒါကြောင့်ပြည်တွင်းနေနေ ပြည်ပနေနေ လုပ်ရပ်ကသာ စကားပြောမှာပါ။ ပြည်တွင်းမှာနေပြီး ပျူလုပ်နေရင်လဲအလကားပါ။ ဖရဲသီးပျု၊ ဖရဲသီးဖွတ်၊ ဖရဲသီးဆိုရင်တော့ အဆင်ပြေပါတယ်။ ဖွတ်ယောင်ဆောင်သောဒေါင်းက အရေးမကြီးပေမယ့် ဒေါင်းယောင်ဆောင်သောဖွတ်က ဒိမိုတွေကို ဒုက္ခပိုပေးနိုင်ပါတယ်။

ဒီနေရာမှာ မဝေဖန်ရဘူလားဆိုတော့ ဝေဖန်တာ ထောက်ပြတာဟာ ကောင်းပါတယ်။ ဥပမာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုပ်ရှားသူ Greta Thunberg ဟာ သဘာဝပတ်ဝန်းကျင်အတွက်ဆန္ဒပြပေမယ့် Elon Musk လို တကယ်ပြောင်းလဲအောင် လျှပ်စစ်ကား မထုတ်နိုင်ခဲ့ပါ။ ဒါက NUG ကိုLive လွှင့် Facebook ပေါ်က ဝေဖန်ထောက်ပြတာက လွယ်ပေမယ့် ကိုယ်တိုင် အဖွဲ့နဲ့လုပ်ရတာက ခက်တာကိုပြတာပါ။ ဒါဆိုရင် Elon Musk ကရော ဝေဖန်တာကိုလက်ခံပါသလား? သူ့ကို ဝေဖန်သူအများစုကို သိပ်အရေးမလုပ်ခဲ့ပါ။ ဒါပေမယ့် သူ့ကားထုတ်ရာမှာ အပိုင်းများစွာသုံးပြီးထုတ်တာကို ဝေဖန်သူကားတွေကို တစ်စချင်းဆီဖျက်ပြီး ဝေဖန်သူ Sandy Munro ရဲ့ ဝေဖန်မှုကို နားထောင်ပြီး Tesla ကားထုတ်လုပ်မှုကို ပြင်ခဲ့ပါတယ်။ မြန်မာလူမျိုးက ပြည်ပရောက်ရောက် ပြည်တွင်းရောက်ရောက် ဝေဖန်တာကများပါတယ်။ NUG လဲ Elon လို ဝေဖန်မှု ၉၀% ကို ဖယ်ထုတ်ပြီး ၁၀% ကို မိမိပြုပြင်နိုင်အောင်ကြိုးစားရမှာပါ။

ဒါဆိုရင် ပြည်ပက ပညာတတ်ပြောတာကို နားထောင်ရမှာလား? အချို့က မအလအကြံပေး ဆလိုင်းဖင်ကျူံးခံလို ဖယ်ဒရယ်ဥပဒေတတ်တယ်ဆိုပြီး DASSK နဲ့ မအလဆို DASSK နဲ့ NLD ကို ရန်သူလို့ မြင်သူများပါ။ သူတို့ကိုတော့ သတိထားရမှာပါ။

အားလုံးကို ပြန်ခြုံကြည့်ရင် ပြည်တွင်းမှာနေနေ ပြည်ပမှာနေနေ အဘဘော မ မဘဲ တော်လှန်ရေးအတွက် ညီညီညွတ်ညွတ်လုပ်ဖို့က အဓိကပါ။ စည်းလုံးညီညွတ်မှုသာ အဓိကပါလို့ပြောပါရစေ။ ဒါဆိုရင် NUG က သူတို့ရဲ့ စည်းလုံးမှုရဖို့ အားလုံးကို သီးခံရမှာလားဆိုတော့ ဒါမျိုးလဲမဟုတ်ပါ။ စာရေးသူဆိုရင် NLD က ကွီးဖြိုးကိုထုတ်ပေမယ့် သူတို့လုပ်ရပ်ကို ဝမ်းနည်းရုံကလွဲလို့ NUG/NLD ကို မဝေဖန်ပါ။ ဒါဟာစည်းလုံးညီညွတ်မှုအတွက် ပါးစပ်ပိတ်ထားတာပါ။ NUG အနေနဲ့လဲ စည်းလုံးမှုအတွက်အားလုံးကြိုက်အောင်လုပ်ဖို့ မဖြစ်နိုင်ပါ။ ဗုဒ္ဓဘုရားလဲ ဒေတဒတ်လို ရန်သူရှိခဲ့သလို ယေရှုမှာလဲJudas Iscariot လို ရန်သူရှိခဲ့ပြီး တမန်တော်မှာလဲ Abu Jahl လို ရန်သူရှိခဲ့ပါတယ်။ ဒါကြောင့် အားလုံးစည်းလုံးညီညွတ်အောင် ၁၀၀% လုပ်ဖို့တော့ မဖြစ်နိုင်ပါ။ ၉၀% လောက်တော့ ဖြစ်နိုင်မှာပါ။ ပြည်သူများအားလုံး စဉ်းစားရမှာက ငါတို့အားလုံး စစ်ကျွန်ဘဝကလွတ်ဖို့ ယခုလို အခွင့်ကောင်းရချိန်မှာNUG နဲ့အတူ ညီညီညွတ်ညွတ်ကြိုးစားပြီး တိုက်မှာလား ဒါမှမဟုတ် စစ်ကျွန်ဘဝအောက်မှာသာ မအလတပ်ကပေးတဲ့ ရွှေရည်စိမ် ဒီမိုနဲ့  ရွှေရည်စိမ် ဖယ်ဒရယ်ကို ယူမှာလားဆိုတာပါ။ စာရေးသူကတော့ဘယ်မှာနေနေ မိမိရဲ့လုပ်ရပ်နဲ့ စည်းလုံးမှုကသာ ဒီတိုက်ပွဲကို အဆုံးအဖြတ်ပေးသွားမှာပါလို့ ပြောပါရစေ။

2,737 views0 comments

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

Comments


bottom of page