စာရေးသူတို့ဟာ နေဝင်းနဲ့ သန်းရွှေလက်ထက်မှာ မွေးဖွားကြီးပြင်းလာတာပါ။ ၁၉၆၂ က မွေးသူတစ်ယောက်ဟာ ယခုအချိန်ဆို ၂၀၁၉ ဆိုရင် ၅၇ နှစ်ရှိပါပြီ။ ကြီးပြင်းလာတာက မြန်မာစာသည် ဒို့စာမြန်မာစကားသည် ဒို့စကား ဘာညာဆိုပြီး ရိုက်သွင်းခံလာခဲ့ရတာပါ။ နေဝင်းက နိုင်ငံခြားသားမုန်းလို့မြန်မာ့ဆိုရှယ်လစ်လုပ်လိုက်တာမှာ တိုင်းပြည်က ခွေးလုံးလုံးဖြစ်သွားခဲ့ပါတယ်။ ဒါကို ဘရွှေနဲ့ ခင်ညွန့်က တက္ကသိုလ်ကျောင်းတွေကို မြို့ပြင်ထုတ်ပြီး ပညာရေးကိုအားပေးခဲ့ပြန်ပါတယ်။ ၁၉၈၈ ကမွေးတဲ့သူဟာ ယခုဆိုရင် ၃၁ နှစ်ရှိပါပြီ။ ထိုပညာရေးတွေရဲ့ ရလာဒ်ကို ကြည့်ရအောင်။
စာရေးသူတို့ အများစုဟာ နိုင်ငံခြားသားကို ကြောက်လာကြပါတယ်။ Xenophobic လို့ခေါ်ပါတယ်။စာရေးသူတို့ ဘင်္ဂါလီမကြိုက်တာ အများစုတူခဲ့ကြပါတယ်။ ဘင်္ဂါလီက ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို တိုက်တယ်ဆိုရင် မကြိုက်သလို ထိုတိုင်းရင်းသားများဘက်က မျက်စိစုံမှိတ်ထောက်ခံခဲ့ပါတယ်။ သူတို့ကို နိုင်ငံသားပေးတာ တိုင်းရင်းသားပေးတာ မကြိုက်ကြပါ။ ထိုပညာရေးကြောင့် အချို့နယ်တွေမှာက မုန်းစရာ နိုင်ငံခြားသား မရှိချိန်မှာ ဗမာမုန်းတီးရေး (Burmanophobic) ထလုပ် ပြန်ပါတယ်။
ဒီနေရာမှာ အနောက်တိုင်း အထူးသဖြင့် အမေရိကန်၊ အင်္ဂလိပ်နဲ့ ဥရောပက ဒီဘင်္ဂါလီကို နိုင်ငံသားပေးဖို့ အစိုးရကို နည်းမျိုးစုံနဲ့ ဖိအားပေးပါတယ်။ နောက်ဆုံးလာမှာက စီးပွါးရေးပိတ်ဆို့ဖို့ပါ။ ဒါပေမယ့်မြန်မာပြည်ရဲ့ တည်နေရာက သူတို့ရဲ့ အလုံးစုံပိတ်ဆို့မှုလုပ်ဖို့တော့ အနည်းငယ်ခက်ခဲစေပါတယ်။အချို့ကိစ္စတွေမှာ သူတို့ရဲ့ ဘင်္ဂါလီကိုထောက်ခံတာက သူတို့ရဲ့ စံနှုန်း (Values) အပေါ် အခြေခံတာရှိသလို၊ အချို့က သူတို့နိုင်ငံထဲက ဘင်္ဂါလီနဲ့ ဘာသာတူ မာမူတွေထံက မဲလိုချင်လို့ဖြစ်ပြီး အဓိကကတော့ မြန်မာက သူတို့တပည့် မခံလို့ပါ။
ဒါဆိုရင် မြန်မာအနေနဲ့ ဒီစီးပွါးရေး ပိတ်ဆို့မှုကို ဘယ်လို ကျော်ဖြတ်မလဲ။ မြန်မာပြည်က တရုတ်နိုင်ငံနဲ့နီးပါတယ်။ ဘရွှေတို့ခေတ်ကလဲ စီးပွါးရေးပိတ်ဆို့တာ မမှုဘူးလို့ အော်ခဲ့ပါတယ်။ DASSK သာ အဲ့ဒီလိုအော်ခဲ့ရင် ပြည်သူတွေက ထောက်ခံမှာပါ။ ဒါပေမယ့် အင်္ဂလိပ်၊ အမေရိကန်ကို အာခံရင် စီးပွါးရေးအရ မလွယ်ပါ။ ဇင်ဘာဘွေမှာ မူဂါဘီဟာ ဗိုလ်ချုပ်အောင်ဆန်းလို အမျိုးသားခေါင်းဆောင်ပါ။ ဒါပေမယ့် အင်္ဂလိပ်ကို အာခံလို့ သူဘာဖြစ်သွားလဲ သူ့နိုင်ငံ ဘာဖြစ်သွားလဲ အားလုံးသိကြမှာပါ။ မြောက်ကိုရီးယားလဲ အပေါ်ယံ အာခံနိုင်သလိုရှိပေမယ့် သူ့လူမျိုးတွေ ငတ်နေပါတယ်။ ဘရွှေတို့ တရုတ်ကိုလုံးလုံး မှီခိုလိုက်ချိန်မှာ မြန်မာပြည်အလယ်ပိုင်း ပါသွားခဲ့ပါတယ်။
မြန်မာပြည်ဟာ တရုတ်ရဲ့ အိမ်နီးချင်းဖြစ်လို့ စီးပွါးရေးအခွင့်အလမ်းတွေရှိပါတယ်။ဥပမာ ဘင်္ဂါလီကိစ္စဖြစ်အပြီးမှာ အနောက်တိုင်းက တိုးတွေ အလာနည်းသွားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်တိုးတွေအလုံးအရင်းနဲ့ ဝင်လာလို့ ဟိုတယ်တွေမှာ အတိုင်းအတာတစ်ခုအထိ အဆင်ပြေခဲ့ပါတယ်။ တရုတ်တိုးဟာ စီးပွါးရေးပိတ်တာကိုလဲ ဂရုမစိုက်ပါ။ ဒါကြောင့်ဖိအားဒဏ်က လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူများ တရုတ်တိုးကို အနောက်တိုင်းတိုးထက် ပိုသဘောကျပါသလား? ဒါဟာ အနောက်အုပ်စုကဘင်္ဂါလီနဲ့ပတ်သက်ပြီး ဖိအားကြားက ဖောက်ထွက်နိုင်တဲ့နည်းနဲ့ သူ့ရဲ့ အကျိုးအပြစ်ကို ပြောပြတာပါ။နောက် ရေနံပိုက်လိုင်းနဲ့ ဆိပ်ကမ်းကနေ တရုတ်ပစ္စည်းဖြတ်ခကောက်တာ၊ တရုတ်နဲ့ စနစ်တကျ စီးပွါးရေးကုန်သွယ်ရင် အနောက်ဥရောပနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ လွတ်နိုင်ပေမယ့် တရုတ်ဩဇာခံလဲ ဖြစ်သွားနိုင်ပါတယ်။
ဒါတင်ဘဲလားဆိုတော့ အနောက်တိုင်း ဩဇာခံ BBC၊ VOA၊ RFA၊ DVB တို့ကလဲ တရုတ်ဆန့်ကျင်ရေးတွေကို ပြည်သူတွေကြား ထည့်ပေးထားပါတယ်။ ဒါကြောင့် အစိုးရက တရုတ်အားသွားကိုးရင် ပြည်သူနဲ့ ထိပ်တိုက်တွေ့ပါမယ်။ တရုတ်ဟာ အရင်းရှင်ဖြစ်တာ နောက်ကျလို့ တရုတ်စီးပွါးရေးသမားတွေဟာ အနောက်တိုင်းကလို ကျင့်ဝတ်စောင့်မှုမရှိတဲ့ ပြဿနာတွေကြောင့်လဲ ဒေသခံတွေနဲ့ ပြဿနာဖြစ်နိုင်ပါတယ်။
ထို့အတူပါဘဲ အစိုးရက င်္ဘဂါလီကိစ္စကို အနောက်တိုင်းအလိုကျ ဖြေလျော့ပေးရင် ပြည်သူတွေနဲ့ထိပ်တိုက်တွေ့နိုင်ပါတယ်။
ယခုလက်ရှိမှာ DASSK က သူမလုပ်စရာရှိတာကို လုပ်နေပါတယ်။ ပထမဆုံးက ပညာရေးကို ကမ္ဘာ့အဆင့်မှီအောင် ပြင်နေပါတယ်။ ယခု သူငယ်တန်းက စတက်လာတဲ့ ကလေးတွေဟာ လူ့တန်ဖိုးရှိအောင်ဘယ်လိုနေရမယ်ဆိုတာတွေနဲ့ အမျိုးသားရေးနဲ့ နိုင်ငံခြားသား မုန်းတီးရေးဟာ မတူတာတွေကိုသင်ကြားလာပြီး နိုင်ငံခြားသားမုန်းတီးမှု ဖြည်းဖြည်းချင်းနည်းလာအောင် လုပ်ယူရပါမယ်။ ဒါမှနောက်မျိုးဆက်သစ်တွေဟာ လူကို လူလို မြင်လာကြမှာဖြစ်ပြီး လူမျိုးအချင်းချင်း မုန်းတီးမှု နည်းလာမှာပါ။ ၂၀၁၆ မှာ သူငယ်တန်းကစပြင်လာတာမို့ ၂၀၂၀ မှာ ပြောင်းလဲမှုသာ ဆက်နိုင်ခဲ့ရင် ဒုတိယသက်တမ်းအကုန်မှာ ပညာရေးစနစ်သစ်ကလူငယ်များဟာ ၉ တန်း ၁၀ တန်းရောက်လာပြီးအတွေးအခေါ်တွေ ပြောင်းလာပါမယ်။
ဒီကြားထဲမှာ DASSK အစိုးရက အာရှမှာရှိတဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့နဲ့ ပြေလည်အောင်ပေါင်းပြီး တိုင်းပြည်ကို လက်တွေ့ကျကျ တိုးတက်အောင်နဲ့ စီးပွါးရေးပိတ်ဆို့ခဲ့ရင် မထိခိုက်အောင် လုပ်ဆောင်နေပါတယ်။
တချိန်ထဲမှာဘဲ သူမအစိုးရဟာ အနောက်နိုင်ငံတွေကိုလဲ လက်ရှိအစိုးရဟာ ဒီမိုကရေစီ ၁၀၀% မရသေးကြောင်း ရတဲ့အထဲက လုပ်နိုင်တာတွေ လုပ်သင့်တာတွေကို လုပ်နေကြောင်း တတ်နိုင်သမျှ ရှင်းပြပြီး ရှင်းပြမရလို့ စီးပွါးရေးပိတ်ဆို့ရင်လဲ တိုင်းပြည်မနာအောင် လုပ်ဆောင်နေပါတယ်။ အမေရိကန်ဟာ ၁၇၇၆ မှာ လွတ်လပ်ရေးရပေမယ့် ကျွန်စနစ်ဟာ ၁၈၆၅ မှသာ စာရွက်ပေါ်မှာ ပျောက်ခဲ့တာပါ။ထို့အတူ အမေရိကန်မှာ လူမည်းတွေဟာ ၁၉၆၅ မှာမ တန်းတူမဲပေးခွင့်ရခဲ့တာပါ။ ဒီမဲပေးခွင့်ကိုတကယ်က အမေရိကန်ရဲ့ ၁၅ ခုမြောက် ခြေဥပြင်ဆင်မှု အနေနဲ့ ၁၈၇၀ ထဲက ခြေဥထဲမှာ ထည့်ပေးခဲ့တာပါ။ ဒီလိုဟာမျိုးကို မြန်မာပြည်မှာ ငါးနှစ်အတွင်းဖြေရှင်းဖို့မလွယ်ပါ။
သူမအစိုးရက အီရန်တို့၊ မြောက်ကိုရီးယားတို့၊ ဆီးရီးယားတို့ကဲ့သို့ အမေရိကန်ဆန့်ကျင်ရေးအနောက်တိုင်းဆန့်ကျင်ရေးမလုပ်ဘဲ ညင်သာစွာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နေပါတယ်။ထို့အတူ စီးပွါးရေးပိတ်ဆို့ခဲ့ရင်လဲ လက်တွေ့ကျကျ ချိန်ခွင်လျှာ ညီမျှအောင် စီးပွါးရေးမနာအောင်လိုအပ်ရင် တရုတ်နဲ့ ရုရှားအကူအညီယူဖို့ကိုလဲ တံခါးဖွင့်ထားပါတယ်။
နောက်တစ်ဖက်မှာလဲ အမေရိကန်ကို တအားကပ်သွားရင် ယူကရိန်းမှာလို ကရိုင်းမီးယားကို ရုရှားကသိမ်းပြီး ယခုအထိလဲ စစ်မီးမွှေးထားတာ ခံနေရပါတယ်။
ပြည်သူတွေအနေနဲ့ စဉ်းစားရမှာက အနောက်တိုင်းနဲ့ တရုတ် လုပ်ထားတာက ဘင်္ဂါလီ (သို့) တရုတ်တစ်ခုခုရွေးရအောင် လုပ်ထားတာပါ။ စာရေးသူတို့လို ပြည်သူတွေအနေနဲ့က ဘင်္ဂါလီလဲ နိုင်ငံသားမပေး တရုတ်လဲမကြိုက် အော်လို့ရပေမယ့် စီးပွါးရေးကျပ်လာရင် ယခုအီရန်မှာလို အစိုးရကိုသာဆဲမှာဆန္ဒပြမှာ ဖြုတ်ချမှာပါ။ ဗိုက်စာလာရင် ပြဿနာရှာမှာပါ။ အားလုံးမုန်းတာဟာ ရေရှည်မှာ ပြဿနာဖြေရှင်းလို့ မလွယ်ပါ။
ယခု မြန်မာပြည်ရဲ့ လက်တွေ့အခြေအနေကတော့ DASSK ရဲ့ လက်ရှိ နိုင်ငံခြားရေး မူဝါဒကအကောင်းဆုံးပါလို့ ပြောပါရစေ။ မေတ္တာနဲ့ လုပ်စရာရှိတာကို လုပ်သွားပြီး အမုန်းနည်းအောင် လုပ်တာပါ။
နှစ်သစ်မှာ အမုန်းနည်းနိုင်ကြပါစေ။
Comments