top of page
Search
Writer's pictureMyat Tun Oo

မရှိမဖြစ် NUG


လူအများစုက မြန်မာပြည်ဘယ်လိုအဆုံးသတ်နိုင်လဲဆိုရင် နိုင်ရင် တောင်ကိုရီးယားလို တိုးတက်မယ်၊ ရှုံးရင် မြောက်ကိုရီးယားဖြစ်မယ်၊ သရေဆိုရင် ဆီးရီးယားလို၊ လစ်ဗျားလို၊ ယီမင်လိုဖြစ်မယ်လို့ ဥပမာပေးလေ့ရှိပါတယ်။ ဟာဒါဆိုရင် မြောက်ကိုရီးယားလိုဆိုရင် တရားဥပဒေစိုးမိုးမှုရှိတာပေါ့လို့ ဘောမခွေးသားများက ပြောနိုင်ပါတယ်။ မြောက်ကိုရီးယားလိုဆိုရင် အပြင်သူခိုးမရှိပေမယ့် အစိုးရသူခိုးကြောင့် လူတွေစားစရာမရှိ လုပ်အားပေးပြီး သေသွားကြပါမယ်။ သူနဲ့ ဆီးရီယား၊လစ်ဗျား၊ ယီမင်တို့ကွာတာက ဗုံးတွေပစ်ပြီးသေသွားတာနဲ့ လူမသိသူမသိ ငတ်ပြီးဘောမရင်း သေသွားတာသာကွာမှာပါ။ မြောက်ကိုရီးယားမှာက ဘောမတွေအတွက် ပိုလုံခြုံတာသာ ရှိပါမယ်။ ဒါဆိုရင် ဆီးရီးယား၊ လစ်ဗျား၊ ယီမင်လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ လေ့လာကြည့်ရအောင်။

ဆီးရီးယားနဲ့ လစ်ဗျား ဒီမိုတောင်းဆန္ဒပြချိန် သူတို့မှာ တရားဝင်ရွေးကောက်ခံအစိုးရမရှိပါ။ဥပမာ ဆီးရီးယားမှာ အာဆတ်ကိုဖြုတ်ဖို့ ဆန္ဒပြချိန်မှာ အတိုက်အခံက ၁၉၈၈ အခြေအနေပါ။ဆီးရီးယားအတိုက်အခံတွေက မြို့တွေကို သိမ်းနိုင်တဲ့အခြေအနေအထိတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် အာဆတ်က နောက်ပိုင်းမှာ ရုရှားနဲ့ အီရန်အကူအညီနဲ့ ပြန်သိမ်းနိုင်လာခဲ့ပါတယ်။အပေါ်ယံကြည့်ရင် အာဆတ်တပ်တော်သလိုထင်ရပေမယ့် အဓိကက အတိုက်အခံညံ့သွားလို့ပါ။အတိုက်အခံက မြို့တွေသိမ်းနိုင်ခဲ့ပေမယ့် တစ်မြို့ကိုတစ်ဖွဲ့ဖြစ်နေခဲ့ပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ အစိုးရဆိုတာ မရှိပါ။ ဒါကြောင့် အကြမ်းဖက်အဖွဲ့ ISIS က အချို့နေရာတွေမှာ ဝင်လာခဲ့ပါတယ်။ အချို့အဖွဲ့ကို တူရကီကထောက်ပံ့ပြီး အချို့က ကာတာဘက်က ထောက်ပံ့ခဲ့ပါတယ်။ ကဒ်လူမျိုးတွေကလဲ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး ဝင်မပါခဲ့ပါ။ ဒါကြောင့် အာဆတ်က တိုက်ရလွယ်သွားသလို အနောက်အုပ်စုကလဲ အားလုံးကိုကိုယ်စားပြုတဲ့အဖွဲ့မရှိလို့ ကူညီရတာ ခက်သွားပါတယ်။နောက်ဆုံးမှာ ရုရှားက အာဆတ်ကိုကူပေမယ့် အနောက်အုပ်စုက ကွဲပြဲနေတဲ့အတိုက်အခံတွေကိုကူရတာခက်လို့ ရေရှည်မှာ အာဆတ်က အားကောင်းလာခဲ့ပြီး နယ်မြေပြန်သိမ်းနိုင်လာခဲ့ပါတယ်။

မြန်မာပြည်ကို ပြန်ကြည့်ရအောင်။ NUG ဟာ ပြည်သူတွေ တရားဝင်ရွေးကောက်လိုက်တဲ့ ၂၀၂၀ရွေးကောက်ပွဲက အနိုင်ရလွှတ်တော်က ဖွဲ့စည်းလိုက်တာပါ။ NLD က နိုင်တာက အမှန်တရားပါ။ဒါကြောင့်သူ့ရဲ့ တရားဝင်မှုက အင်မတန်အရေးပါပါတယ်။ NUG အစိုးရကနေ PDF ကို ဖွဲ့စည်းပြီးထို PDF က ဖက်ဆစ်တပ်ကို ခုခံတိုက်ခိုက်မှာပါ။ အချိန်တန်ရင် အခြားတိုင်းရင်းသားလက်နက်ကိုင်တွေဟာလဲ ဆီးရီးယားလို အဆုံးမသတ်ချင်ရင် NUG ကို ဝန်းရံရမှာပါ။ NUG ကအတိုင်းအတာတစ်ခုအထိ အမိန့်ပေးနိုင်ရင် နိုင်ငံခြားက သူတို့လက်နက်တွေကို ထောက်ပံ့လာမှာပါ။ ဥပမာ အမေရိကန်နဲ့ တရုတ်ဟာ ရဟတ်ယဉ်ပစ်လက်နက်ကို NUG အမိန့်နာခံတဲ့လက်နက်ကိုင်အဖွဲ့ကိုသာ ထောက်ပံ့လိုမှာပါ။ အမေရိကန်က ရဟတ်ယဉ်ပစ်လက်နက်ထောက်ပံ့လို့ အဆိုပါဒေသခံအဖွဲ့က NUG အမိန့်မနာခံဘဲ ဘင်လာဒင်အဖွဲ့ကို ပြန်ရောင်းတာမျိုး သူလဲအဖြစ်ခံလိုမှာမဟုတ်ပါ။ ဒါက လက်နက်ကြီးတွေမပေးခင် နိုင်ငံတကာက တာဝန်ယူမှု တာဝန်ခံမှုအတွက် စံထားလေ့လာတာကို ပြောပြတာပါ။ ဒါကြောင့် လက်နက်ကိုင်အဖွဲ့တိုင်းဟာ စစ်ပွဲနိုင်စေပြောင်းလဲစေတဲ့ လက်နက် (game changer weapons) ရဖို့ NUG ရဲ့ အမိန့်ပေးမှုအောက်ကို တချိန်ချိန်မှာ ဝင်လာရမှာပါ။ ရုရှားက ယူကရိန်းကိုပြန်တိုက်တဲ့ သူ့လူမျိုးသူပုန်ကို လေယဉ်ပစ်ဒုံးပေးမိလို့ ဟိုက မလေးရှားလေယဉ်ကို ပစ်ချချိန်မှာ ရုရှားဒုက္ခရောက်ခဲ့ပါတယ်။ ယခုအဆိုပါဒေသမှာ သူ့တပ်ကိုသာ ဒုံးပျံကိုင်ခိုင်းထားပါတယ်။ ဒါက ကမ္ဘာနဲ့ချီပြီးပြောတဲ့ ဥပမာပါ။


နောက်လက်တွေ့ကိစ္စလေးပြောပြပါမယ်။ ပြည်တွင်းမှာ အချို့က PDF ဆိုပြီး Facebook ပေါ် စာမျက်နှာဖွင့်ပါတယ်။ ပြီးရင်အလှူခံပါတယ်။ စာရေးသူတို့အနေနဲ့ ဒီအဖွဲ့က အတုလား အစစ်လား မသိနိုင်ပါ။ အချို့က Facebook ပေါ်က သွားလှူပြီး နောက်စရဖက အိမ်လာဖမ်း၊ သိမ်းတာတွေအလုပ်ခံရပါတယ်။ စရဖကဖွင့်တဲ့ PDF စာမျက်နှာအချို့ပါ။ အချို့စာမျက်နှာတွေက စားဝတ်နေရေးအရ လူလိမ်တွေပါ။ ပိုက်ဆံလိမ်သွားတာပါ။ ဒါကြောင့် အလိမ်မခံရအောင် အဖမ်းမခံရအောင် NUG က အသိအမှတ်ပြုတဲ့အဖွဲ့ အသိအမှတ်ပြုတဲ့ ဒေသခံအဖွဲ့တွေကိုလှူခြင်းဖြင့် NUG ရဲ့ အမိန့်နာခံမှု တက်လာသလို မိမိရဲ့ငွေလဲ အလဟဿ မဖြစ်တော့ပါ။ မိမိလဲ အဖမ်းခံရဖို့ နည်းသွားပါမယ်။ အဖွဲ့တွေအများကြီး မကွဲအောင် ဆီးရီးယားလိုမဖြစ်အောင် ကာကွယ်နိုင်ပါမယ်။ ဒီနေရာမှာ အချို့အဖွဲ့တွေ အချို့အလှူခံပေးသူတွေက NUG ကိုဖောင်းထုတာ NUG အမိန့်ကို မနာခံလိုတာဆိုရင်တော့ ယခုထဲက အဆိုပါအဖွဲ့တွေ အဆိုပါအလှူခံအဖွဲ့တွေကို မလှူတာကောင်းပါတယ်လို့ ကြိုပြောပါရစေ။ မအလလက်နက်ကိုင်အဖွဲ့ဟာ ရွေးကောက်ခံအစိုးရအမိန့်ကို မနာခံဘဲလက်နက်အားကိုးပြီး အာဏာသိမ်းခဲ့လို့ စာရေးသူတို့ ယခုအခြေအနေရောက်နေတယ်ဆိုတာ မမေ့ပါနဲ့။ ဒီလိုအခြေအနေမျိုးမှာတောင် သင်ဟာ မအလလို နောက်လက်နက်ကိုင်အဖွဲ့ကို ငွေကြေးထောက်ပံ့နေသေးရင် သင်ထက်မိုက်သူမရှိပါလို့ ပြောပါရစေ။


ဒါဆိုနောက်မေးခွန်းက ကျွန်တော်/ကျွန်မတို့ NUG ကလွဲရင် ဘယ်အဖွဲ့ကိုမှာ ပိုက်ဆံမထောက်ရဘူးလားဆရာလို့ မေးစရာရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ဒလန်ရှင်းလင်းရေး၊ဗိုလ်ရှုခံလို အခမ်းအနားတွေအတွက် မုန့်ဟင်းခါးပို့နိုင်အောင် ကြိုးစားနေသူတွေရှိပါတယ်။ ထိုကိစ္စတွေက NUG နာမည်မပါတာကောင်းပါတယ်။ သိသာသိစေ မမြင်စေနဲ့ပေါ့။ ဥပမာ ဆေးကောင်စီဥက္ကဌလို၊ ရွေးကော်လူကြီးလို၊ ကျော်ဇေယျလို လူပါးဝသူများကို မုန့်ဟင်းခါးလက်ဆောင်ပေးဖို့က NUG နာမည်နဲ့က မသင့်လျော်ပါ။ ဒါကြောင့် ဒိလိုအဖွဲ့တွေကိုတော့ မိမိသိသူများကတဆင့် ပံ့ပိုးတာကတော့ ဆက်လုပ်ပါ။ မတားပါဘူး။ ဒါပေမယ့် နယ်ဘက်က အဖွဲ့ဖွဲ့ကြီးကြီးတွေကတော့ NUG အောက် အမိန့်နာခံသူကိုသာ NUG ကတဆင့်လှူဒါန်းပါလို့ တောင်းပန်ပါရစေ။


အကျဉ်းချုပ်ရရင် စာရေးသူတို့ NUG ကို လှူရမှာက ဆီးရီးယားမှာလို လက်နက်ကိုင်တွေ မကွဲသွားအောင် အမိန့်နာခံမှုရှိအောင်၊ နိုင်ငံတကာအသိအမှတ်ပြုမှုမြန်ပြီး စစ်ပွဲကိုအပြောင်းအလဲလုပ်နိုင်တဲ့လက်နက်ရအောင်ပါ။ ဒါအပြင် အရေးကြီးဆုံးက ပြည်သူကရွေးကောက်တင်မြှောက်တဲ့ အစိုးရကို အမိန့်နာခံတတ်တဲ့ ယဉ်ကျေးတဲ့ လက်နက်ကိုင် ပြည်သူ့တပ်မတော်စစ်စစ် ပေါ်ထွန်းလာအောင်ပါလို့ ပြောပါရစေ။

741 views0 comments

Recent Posts

See All

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

Comments


bottom of page