top of page
Search
  • Writer's pictureMyat Tun Oo

ရောင်နီလာရာရှေ့သို့ ညီညွတ်စွာလျှောက်ကြစို့

ရောင်နီလာရာရှေ့သို့ ညီညွတ်စွာလျှောက်ကြစို့


စာရေးသူတို့ တော်လှန်ရေးအစပိုင်းမှာ အားလုံးက အဆင့် ၃၅ စစ်တပ်ကြီးကို မနိုင်နိုင်ဘူးဆိုပြီး အထင်သေးခဲ့ကြပါတယ်။ ဘယ်သူကတိုက်လာတာ နှစ်ပေါင်း ၇၀ ရှိပြီ မင်းတို့က မွေးခါစဆိုပြီးလဲ လှောင်ခဲ့ကြပါတယ်။ မအလတပ်ဟာ တူမီးနဲ့စတွေ့ကထဲက နိမိတ်ပြနေခဲ့တာပါ။

အခြားသူတွေထင်သလို တရုတ်ဟာလဲ မအလတပ်ကို အထင်ကြီးခဲ့ပါတယ်။ ဒါပေမယ့် မြေပြန့်မှာ မအလတပ်ဟာ ဒီမိုတွေကို မထိန်းနိုင်ခဲ့ပါ။ မအလတပ်ဟာ အာဏာသိမ်းအပြီး ယခင်က ထုံးစံအတိုင်း ကျောင်းသားတွေ စစ်ပညာကို KNU နဲ့ KIA ထံသင်ပြိး သူ့ကိုတိုက်မယ်လောက်တော့ တွက်ထားခဲ့ပါတယ်။ ယခင်နဲ့မတူတာက ယခင်က လွှတ်တော်မခေါ်ခဲ့သလို အားကောင်းတဲ့ ညွန့်ပေါင်းအစိုးရလဲ မရှိခဲ့ပါဘူး။ ယခုဟာကတော့ ပြည်သူထောက်ခံတဲ့ NUG အစိုးရပေါ်လာခဲ့ပြီး သူက ပျံ့နေတဲ့ အဖွဲ့အများစုကို PDF အနေနဲ့ စုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် NUG ဟာ တောင်ပိုင်းကို အားပြုခဲ့ရပြီး ၁၉၉၀ တော်လှန်ရေးထက် ခရီးရောက်ပေမယ့် မအလကို အစပိုင်းမှာ အလဲထိုးနိုင်မလားဆိုတာက သံသယဖြစ်ခဲ့ကြပါသေးတယ်။

တရုတ်ဟာ မအလကို ၂၀၂၃ အစပိုင်းမှာ သူ့တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ လိုင်းပေါ်ကလူလိမ်တွေကို ဖမ်းပေးဖို့ပြောချိန်မှာ မအလက သိပ်ဂရုမစိုက်ခဲ့ပါဘူး။ ဒါကတရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။ အဆိုပါဂိုဏ်းတွေက တရုတ်ရဲတွေကိုသတ်ချိန်မှာ သူ့အကျိုးစီးပွါးအတွက် မအလ အောက်က ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့တွေကိုဖမ်းဖို့မှာလဲ မအလက ငြင်းဆိုခဲ့ပါတယ်။ ဒါတွေက တရုတ်ကို ကြားခံအဖွဲ့ကနေ မအလအောက်က ကိုးကန့်တွေကိုဖမ်းဖို့ စီစဉ်ဖို့ ဖြစ်လာစေပါတယ်။ ဒါပေမယ့် တရုတ်ဟာ အခြားနိုင်ငံများလို မအလတပ်ကို အဆင့် ၃၅ ဆိုပြီး အထင်ကြီးလွန်ခဲ့ပါတယ်။ ဒါကြောင့် မအလအောက်က ကိုးကန့်နဲ့ သူ့ကို ကာကွယ်ပေထားတဲ့ လောက်ကိုင်တပ်ကိုတိုက်ဖို့ ထုတ်ပေး(သို့) တဆင့်လွှဲပေးခဲ့တဲ့ လက်နက်တွေက အများကြီးဖြစ်သွားခဲ့ပုံရပါတယ်။ တကယ်တိုက်ချိန်မှာ မအလတပ်က ထွက်ပြေးခဲ့လို့ တရုတ်လက်နက်တွေ ပိုနေခဲ့သလို မအလတပ်ထံက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေက MNDAA နဲ့ TNLA တို့ကို လက်နက်အများကြီးအပေါ် ထိုင်မိလျက်သားဖြစ်သွားခဲ့ပါတယ်။

မအလတပ်ဟာ သူဆုံးရှုံးတဲ့နယ်မြေတွေကို ပြန်သိမ်းဖို့သာ အမြဲပြင်နေခဲ့လို့ MNDAA နဲ့ TNLA အဖို့ ဆက်တိုက်ရုံမှတစ်ပါး အခြားမရှိခဲ့ပါ။ သူတို့မတိုက်လဲ မအလတပ်က ထိုးစစ်ဆင်ပြီး ပြန်တိုက်မှာပါ။


တရုတ်ဖိအားကို ဘယ်လိုရင်ဆိုင်မလဲ?

MNDAA, TNLA, AA နဲ့ KIA တို့ဟာ တရုတ်ဖိအားကြောင့် ရပ်မလား ဆက်တိုက်မလား ရွေးစရာရှိပါတယ်။


တရုတ်ပြောသလို အပစ်ရပ်ရင် ဘာဖြစ်မလဲ?

မအလဟာ သူ့တပ်လူတိုးဖို့ ရရာလူတွေကို စုနေပါတယ်။ သူ့ကိုပုန်ကန်တာကို ပြန်ထိန်းနိုင်ဖို့ သမိုင်းမှာမရှိတဲ့ သူ့လူ့ယုံတွေကို ရာထူးတိုးပေးခဲ့ပါတယ်။ ရုရှားက လက်နက်နဲ့ နည်းပညာထောက်ပံ့နေပြီး အီရန်ကလဲ ဒရုံးနည်းပညာ ပံ့ပိုးပေးနေပါတယ်။ ဒါကြာင့် အချိန်တိုအတွင်းမှာ အားကောင်းလာပြီး ထိုးစစ်ပြန်ဆင်မှာပါ။ ဒါဆိုရင် မြောက်ပိုင်းအဖွဲ့တွေဟာ အစပိုင်းမှာ တရုတ်စကားကို နားထောင်လိုက်လို့ အနေချောင်နိုင်ပေမယ့် ရေရှည်မှာ မအလက ခြေမှုန်းတာကို ခံရမှာပါ။ ထိုအချိန်မှာ မအလဟာ PDF ကို ပထမတိုက်ပြီးမှ တိုက်မှာဖြစ်လို့ PDF ကလဲ ကယ်ဖို့ မဖြစ်နိုင်တော့ပါ။ ဒါကြောင့် တရုတ်ပြောစကားလိုက်နာရင် မအလသက်ဆိုးရှည်မှာဖြစ်ပြီး သူတို့လဲ ချေမှုန်းခံရမှာပါ။


အပစ်မရပ်ရင် ဘာဖြစ်မလဲ?

ဒီနေရာမှာ တရုတ်စကား နားထောင် မထောင်ဆိုတာထက် ဘယ်လိုဆက်လုပ်မလဲဆိုတာက ပိုကောင်းပါတယ်။ MNDAA နဲ့ TNLA က အပစ်ရပ်ပြီး အခြားအဖွဲ့တွေအနေနဲ့ ဆက်တိုက်နေလို့လဲ ဖြစ်တယ်ဆိုတာ ပြည်သူများ မမေ့ပါနဲ့။ ယူနီဖောင်းပြောင်းရင် အားလုံးအဆင်ပြေပါတယ်။ ဒါပေမယ့် ဒီစစ်ပွဲဟာ စပြီးနေလို့ တရုတ်ဖိအားကို လျှော့တွက်လို့ မရပါ။ အထူးသဖြင့် အဆိုပါအဖွဲ့ကခေါင်းဆောင်တွေ တရုတ်ပြည်ထဲသွားရင် တရုတ်က ပုဒ်မတတ်ပြီး ဖမ်းနိုင်ပါတယ်။

ကျန်တဲ့ ပိတ်ဆို့တာကို ဘယ်လို ဖြေရှင်းမလဲ?

အဆိုပါနယ်မြေများက တရုတ်နဲ့ ဆက်စပ်နေလို့ တရုတ်ကပိတ်ဆို့ရင် စီးပွါးရေးအရ ခက်နိုင်ပါတယ်။ ဒါဆိုရင် စစ်ရေးအရ ဖြေရှင်းဖို့က ထိုင်းနိုင်ငံနယ်စပ်ကို ရှမ်းမြောက်ကနေ ဆင်းလာတဲ့ နည်းလမ်းနဲ့ ရခိုင်ကနယ်စပ်ကနေ ရှမ်းမြောက်အထိ နယ်မြေများကို ဆက်စပ်သိမ်းနိုင်ရင် တရုတ်ရဲ့ဖိအားကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။


တရုတ်ရင်းနှီးမြုပ်နှံမှု

တရုတ်က လူစကားမပြောရင် သူနားလည်တဲ့စကားကို ပြည်သူကပြောပြီး ဆုံးမရမှာပါ။ ဒါဆိုရင် တရုတ်က မအလတပ်ကို ကူညီရင် ငါတို့ စစ်ရှုံးမလား? တရုတ်တပ်ဝင်လာရင် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်နေသူများလဲရှိကြမှာပါ။ စာရေးသူတို့ဟာ တရုတ်ကို ရန်သူအဖြစ် မဆက်ဆံလိုပါ။ အင်အားကြီးနိုင်ငံတွေနဲ့ ရန်ဖြစ်တာက စာရေးသူတို့ အတွက် အကျိုးမရှိပါ။ ဒါပေမယ့် စာရေးသူတို့ကို ရန်စလာခဲ့ရင်တော့ တရုတ်နဲ့ သူ့အကျိုးစီးပွါးကို တိုက်ရုံမှတစ်ပါး အခြားမရှိပါ။ တရုတ်တပ်တွေဝင်လာခဲ့ရင် အမေရိကန်နဲ့ အနောက်အုပ်စုဟာ လေသံပေးနေလိုမရဘဲ ကူရမှာပါ။ တရုတ်တပ်ဝင်လာခဲ့ရင် အာဆီယံနဲ့လဲ ပြဿနာပေါ်မှာပါ။ ဒေသတွင်း အာဆီယံနိုင်ငံတွေဟာ တရုတ်ကို ဗိုလ်ကျစိုးမိုး မိုက်ရိုင်းတဲ့နိုင်ငံဆိုပြီး အမေရိကန်တပ်တွေကို သူတို့နိုင်ငံတွေမှာ ခေါ်ထားမှာပါ။ ဒါကြောင့် တရုတ်ဟာ တရုတ်တပ်လွှတ်ရင် သံတမန်ရေးအရ ကောင်းကျိုးထက် ဆိုးကျိုးသာ များမှာပါ။

တရုတ်တပ်က ဝင်တိုက်ရင် စစ်နိုင်မှာလား? အမေရိကန်ဟာ တောင်ဗီယက်နမ်ဘက်က စစ်ကူတိုက်ပေးခဲ့သလို အာဖဂန်က ကာဇိုင်းအစိုးရဘက်က စစ်ကူတိုက်ပေးလဲ စစ်ရှုံးခဲ့ပါတယ်။ ရုရှားဟာလဲ အာဖဂန်မှာ စစ်ရှုံးခဲ့သလို တရုတ်ကိုယ်တိုင်လဲ ဗီယက်နမ်ကို ကျူးကျော်ခဲ့ပေမယ့် စစ်ရှုံးခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်ကို ကျူးကျော်ခဲ့ရင်လဲ တရုတ်က စစ်ရှုံးမှာပါ။ တရုတ်ယခုလုပ်နေတာက မြန်မာပြည်ကို ကျရှုံးနိုင်ငံမဖြစ်အောင် လုပ်နေပေမယ့် တရုတ်က မအလကို ကူညီရင် ကျရှုံးနိုင်ငံဖြစ်ဖို့သာ ပိုများသွားမှာပါ။

တရုတ်တပ်ဝင်လာရင် အိန္ဒိယကလဲ ကြည့်နေမယ်မထင်ပါ။ သူကလဲ သူ့နယ်ကိုဝင်ယူမှာပါ။ အမေရိကန်ကလဲ ထိုင်းကနေတက်လာမှာပါ။ ဒါကြောင့် တရုတ်ဟာ မြန်မာပြည်မှာ အသေများစွာနဲ့ သမိုင်းမလှဘဲ အရေးနိမ်းဖို့သာ များမှာပါ။ ဒါကြောင့် တရုတ်ဟာ အလွန်မိုက်မဲမှသာ မြန်မာပြည်ထဲကို ဝင်တိုက်မှာပါ။


တရုတ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ?


MNDAA နဲ့ TNLA ဟာ တရုတ်ဖိအားကို ရင်ဆိုင်ရမှာဖြစ်သလို AA ဟာလဲ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်၊ အနောက်အုပ်စုရဲ့ဖိအားကို ရင်ဆိုင်ရမှာပါ။  ဒါဆိုဘာလုပ်ကြမလဲ? AA, MNDAA, TNLA တို့ကြားထဲမှာ စစ်ကိုင်း၊ မန္တလေး၊ ကချင်တောင်ပိုင်းတွေရှိပါတယ်။ အများစုက NUG အောက်မှာပါ။ ဒါကြောင့် MNDAA၊ TNLA နဲ့ AA တို့ဟာ NUG နဲ့ တိုးတိုးတိတ်တိတ် ယခုထက်ပူးပေါင်းပြီး ဖိအားတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ ဥပမာ အညာဒေသကို NUG က ယခုထက်ပိုမိုစိုးမိုးနိုင်အောင် ထောက်ပံ့ပေးပြီး တိုက်နိုင်ခဲ့ရင် စားကုန်တွေက ရှမ်းကို စီးဆင်းနိုင်မှာဖြစ်ပြီး တရုတ်ရဲ့ ပိတ်ဆို့မှုကို ကျော်လွှားနိုင်မှာပါ။

ထို့အတူ အိန္ဒိယနယ်စပ်ကနေ ကချင်အထိ စိုးမိုးနိုင်ခဲ့ရင် အိန္ဒိယနဲ့တရုတ်ဟာ ဆန့်ကျင်ဘက်မိုလို့ အတိုင်းအတာတစ်ခုအထိ ဖိအားတွေ ပိတ်ဆို့တာတွေကို ရှောင်ရှားနိုင်မှာပါ။

ဒါမှာမဟုတ် ရှမ်းတောင်ကနေ ထိုင်းနယ်စပ်အထိ ဆင်းလာနိုင်ခဲ့ရင်လဲ တရုတ်ဖိအားကို ကျော်လွှားနိုင်မှာပါ။ ထို့အတူ AA အနေနဲ့လဲ အနောက်က ဖိအားပေးရင် အရှေ့နယ်စပ်အထိ ဗမာမြေကနေ သွားလာကူးသန်းနိုင်ရင် အနောက်ဖိအားကို ကျော်လွှားနိုင်မှာပါ။

ဒီမှာဘာကိုပြလဲဆိုတော့ တိုင်းရင်းသားအဖွဲ့အားလုံးဟာ မိမိတစ်ဖွဲ့ချင်းမဟုတ်ဘဲ NUG နဲ့အတူလက်တွဲပြီးသာတရုတ်၊ အမေရိကန်နဲ့ အနောက်အုပ်စုဖိအားတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတဲ့နိုင်ငံကို အသေမထားဘဲ မိမိအကျိုးစီးပွါးအတွက် ညီညွတ်စွာ ကစားတတ်ဖို့သာ လိုအပ်တာပါ။ ယထုအချိန်မှာ အနောက်ကို အားကိုးလိုတဲ့ အချို့အဖွဲ့များသတိထားရမှာက အမေရိကန်နဲ့ အနောက်အုပ်စုဟာ AA ကို ဖိအားပေးလာရင် အခြားအားကိုးစရာကလဲ လိုတယ်ဆိုတာပါ။

အားလုံးကတော့ ပြည်သူသာ အဓိကပါ။ တရုတ်ဟာ ပြည်မထဲကျော်လာရင် တရုတ်တပ်ဟာ ဗီယက်နမ်မှာ အမေရိကန်တပ်လို အလောင်းကောက်ပြန်သွားရမှာပါ။ တရုတ်ထက်ခေတ်မှီတဲ့ အမေရိကန်နဲ့ ရုရှားစစ်တပ်ကြီးတောင် အာဖဂန်မှာ စစ်ရှုံးခဲ့သလို တရုတ်ကိုယ်တိုင်လဲ ဗီယက်နမ်ကျူးကျော်စစ်မှာ ရှုံးပြီးထွက်ပြေးလာခဲ့ရတာပါ။ စာရေးသူတို့က ပြည်သူညီရင် ဘယ်နိုင်ငံကြီးကိုမှ ကြောက်စရာမရှိပါဘူး။ ဒါပေမယ့် စာရေးသူတို့ NUG ရော တိုင်းရင်းသားလက်နက်ကိုင်တွေပါ လင်းလင်းရဲ့သီချင်းထဲကလို ရောင်နီလာရာ ရှေ့သို့ကိုသာ ညီညွတ်စွာနဲ့ ဆက်လျှောက်ရုံမှ တစ်ပါး အခြားရွေးစရာလမ်းမရှိပါလို့သာ ပြောပါရစေ။

463 views0 comments

Comments


bottom of page