top of page
Search
Writer's pictureMyat Tun Oo

လက်နက်ကိုင်လမ်းစဉ်က အောင်မြင်နိုင်လား?


ဒီနေရာမှာ စေ့စပ်ဆွေးနွေးအဖြေရှာတာဟာ ကောင်းပါတယ်။ DASSK ဟာ ဒီနည်းနဲ့ ပြီးခဲ့တဲ့ ငါးနှစ်ကကြိုးစားခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါဆိုရင် လက်နက်ကိုင်လမ်းစဉ်က အောင်မြင်နိုင်လား လေ့လာကြည့်ရအောင်။ အချို့က ဒါဟာ NLD ပေါ်လစီလား DASSK ကြိုက်မလားဆိုပြီး စိတ်ပူနေတာပါ။ ယခုအချိန်မှာ DASSK က စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပါလို့ပြောခဲ့ပြီးပါပြီ။ ဘယ်လိုဆန့်ကျင်ရမယ်ဆိုတာက ပြည်သူတွေကသာ ဆုံးဖြတ်ရမှာပါ။ ကမ္ဘာမှာတော့မန်ဒဲလားလဲ စစ်တပ်ရှိခဲ့သလို IRA မှာလဲ ပါတီနဲ့ စစ်တပ်ရှိခဲ့ပါတယ်။ တိဗက်က လုံးဝအကြမ်းမဖက်တဲ့နည်းကို သုံးခဲ့လို့ ယခုအထိ တရုတ်နိုင်ငံရဲ့ လက်အောက်ခံဖြစ်နေဆဲပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာလက်နက်ကိုင်လမ်းစဉ်နဲ့ ပါတီပေါင်းခဲ့လို့ လွတ်လပ်ရေး ရခဲ့တာပါ။ ဒါက သီအိုရီအရပါ။

လက်တွေ့မှာ အချို့လူများက တပ်မတော်ကြီးက သိပ်အင်အားကြီးကြောင်း တိုင်းရင်းသားလက်နက်ကိုင်တွေတောင် မနိုင်လို့ ငြိမ်းချမ်းရေးဆွေးနွေးနေရကြောင်း လက်နက်ကိုင်တိုက်ရင် မအလကြိုက်တဲ့ အကွက်ထဲကို ဝင်သွားမှာဖြစ်ကြောင်း ဘာညာဘာညာ ပြောကြပါတယ်။ ဒီအချက်ကိုလေ့လာရအောင်။ တပ်မတော်ကြီး တရုတ်ဖြူတပ်ကို တိုက်ထုတ်နိုင်ခဲ့တာဟာ ပြည်သူပါခဲ့လို့နဲ့စစ်သားဖြစ်လိုသူတွေ စစ်ထဲဝင်ခဲ့တဲ့ခေတ်ကပါ။ မာနယ်ပလောကို နိုင်ခဲ့တာက ထိုအချိန်စစ်တပ်ထဲကတပ်မှူးတွေဟာ ၈၈ မတိုင်ခင် စစ်သားတွေ အခွင့်ထူးမခံရခင်က တပ်ထဲဝင်လာသူများပါ။ ယခုအချိန်မှာ တပ်ထဲမှာက အောက်ခြေမှာ အများစုက စိတ်ဓတ်ကျနေကြတာပါ။ ဟိုတပ်ချုပ်ရူး မိုးမြင့်ထွန်းနဲ့ ရဲဝင်းဦးတို့က လွဲရင်ပေါ့။ ယခုတပ်မတော်ဟာ ပြည်သူ့အမုန်းဆုံး တပ်မတော်ကနေ ဆယ်နှစ်အတွင်းမှာမအလက အကြမ်းဖက်အဖွဲ့ဖြစ်အောင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အပြီးပြောင်းပေးနိုင်ခဲ့ပါပြီ။ တိုက်ရည်ခိုက်ရည်မှာ ကိုးကန်တိုက်ပွဲမှာ အသေများတာ၊ TNLA ကို မနိုင်တာ၊ AA နဲ့တိုက်ပွဲမှာအသေအပျောက်များတာက သက်သေပါ။ စာရေးသူစကားကို ယုံစရာလိုပါဘူး။ AA ကိုလေကြောင်းပစ်ကူသာ မပေးခဲ့ရင် ရခိုင်ဟာ AA လက်ထဲရောက်တာ ကြာသွားခဲ့ပါပြီ။ လက်ရှိမအလရဲ့ အားသာချက်က လေယဉ်ပျံနဲ့ ဗုံးကြဲနိုင်နေလို့ပါ။ လေယဉ်မပျံသန်းရဇုံ(no fly zone) သာ သတ်မှတ်ပြီး မြေပြင်တပ်အချင်းချင်း တိုက်ရရင် မယှဉ်နိုင်ပါ။ AA နဲ့ စစ်ပွဲမှာ သူ့ပြည်သူက AA ဘက်ကပါနေလို့ မအလတပ်က တိုက်ရှုံးဖြစ်နေခဲ့တာပါ။

ယခုပြည်မက ဗမာတွေဟာ မအလကို ချီးထက်ပိုရွံနေတာ တွေ့ရပါတယ်။ လက်ရှိစစ်တပ်ဟာ ဗမာအများစုနဲ့ ဖွဲ့ထားပေမယ့် အခွင့်ထူးခံ သူခိုးတွေလောက်သာ မအလကိုထောက်ခံပြီး အများစု NLD ကိုဆန္ဒမဲပေးခဲ့တဲ့ ဗမာများက မထောက်ခံလို့ သေရင်အစားထိုးစရာ တပ်သားမရှိပါ။ ကွန်မြူနစ်တပ်ကယခင်နေဝင်းကိုမနိုင်တာက ဗမာပြည်သူကြားမှာ ကွန်မြူနစ်ဝါဒ ကွန်မြူနစ်ပါတီက ရေပန်းမစားခဲ့လို့ပါ။ ယခုပြည်မမှာ NLD က ရေပန်းစားပြီး မအလကို လူတိုင်းမုန်းပါတယ်။ ပြည်သူတွေဟာ ရဲဘော်သုံးကျွတ်လောက်နဲ့ ဖယ်ဒရယ်တပ် စဖွဲ့ရင်တောင် ဝိုင်းပါလာမှာပါ။ တစ်နေ့ထက်တစ်နေ့ လူသေတာများလေ မအလကို နာကျီးမှု များလေဖြစ်ပြီး ဖယ်ဒရယ်တပ်ထဲကို ဝင်လာမည့်သူလဲ များလာလေပါ။တကယ်သာ စတိုက်ခဲ့ရင် AA ကို သူ့ပြည်သူက ထောက်ခံသလို ဒီမိုတပ်ကို ဗမာအများစုက ထောက်ခံမှာ မြေကြီးလက်ခတ်မလွဲပါ။ နောက်အဆိုပါ ဒီမိုတပ်က ထိန်းချုပ်နယ်မြေရှိလာတာနဲ့ တပ်ထဲကတပ်ရင်းတွေဟာ ဘက်ပြောင်းလာမယ်ဆိုတာ ယုံကြည်ပါတယ်။

ဒီနေရာမှာ အချို့က ဖယ်ဒရယ်တပ်ဟာ ABSDF လို ဖြစ်သွားမယ်ဆိုပြီး စိုးရိမ်နေတာလဲ ရှိပါတယ်။စာရေးသူအနေနဲ့ကတော့ မစိုးရိမ်ပါ။ ယခုဖယ်ဒရယ်တပ်ဟာ တရားဝင်အစိုးရ CRPH အောက်မှာ ရှိမှာဖြစ်ပြီး ပုံမှန်ထောက်ပံ့ကြေးတွေနဲ့ စနစ်တကျဖွဲ့စည်းမှာမိုလို့ ယခင်ဖွဲ့ခဲ့တဲ့ ABSDF ထက် သာမှာပါလို့ပြောပါရစေ။ ယခုတပ်ဟာ နိုင်ငံရေးအရ ထိန်းကျောင်းတဲ့ အစိုးရရှိနေမှာပါ။

အချို့က လက်ရှိမအလတပ်က လက်နက်သာလို့ နိုင်ပါ့မလား တွေးပူသူများလဲရှိပါတယ်။ စာရေးသူတို့အစပိုင်းမှာ ကိုယ်ထူကိုယ်ထ လုပ်ရနိုင်ပေမယ့် လွတ်မြောက်နယ်မြေ ထူထောင်နိုင်ခဲ့ရင် လက်နက်အကူအညီပေးနိုင်တဲ့ နိုင်ငံတွေ ပေါ်လာမှာ သေချာပါတယ်။ ထိုအချိန်မှာ ရုရှားကလက်နက်ထက် ပိုကောင်းတဲ့ လက်နက်တွေနဲ့ တိုက်နိုင်မှာပါ။

ဒါဆိုရင် ငါတို့ဆန္ဒဆက်ပြရမှာလား? တွေ့ဆုံဆွေးနွေးရေး မလုပ်ရဘူးလား၊ CDM ရော ဘာဆက်လုပ်ရမလဲ မေးသူတွေရှိမှာပါ။ ယခုအချိန်မှာ ပြည်သူတွေက နေပြည်တော်ကို တက်မသိမ်းနိုင်ပေမယ့်CDM ကြောင့် မအလဟာ တိုင်းပြည်ကို အုပ်ချုပ်လို့မရပါ။ ဒါ့ကြောင့် CDM က တကယ့်ကို လိုအပ်ပါတယ်။ ဆန္ဒပြသူတွေ သေဆုံးသူတွေကြောင့် ကမ္ဘာကြီးက ပိုအာရုံစိုက်လာပါတယ်။ ဥပမာ ၂၇ ရက်နေ့မှာ အသေအပျောက်များလို့ သတင်းထဲမှာ ပါလာပါတယ်။ သူတို့က ယခု RPG နဲ့ တင့်ကားသုံးရင်ကမ္ဘာကြီးက သူ့ကိုဗုံးကြဲဖို့ ပိုနီးလာပါတယ်။ ဆန္ဒပြသူတွေ သေတာဟာ အင်မတန်ဝမ်းနည်းစရာပါ။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ အသက်တွေနဲ့ မြန်မာပြည်ရဲ့ ပြောင်းလဲမှုကို ဖိအားပေးသွားကြတာပါ။

အကျဉ်းချုပ်ပြောရရင် ဘယ်တော်လှန်ရေးမှာမှ နည်းတစ်ခုထဲနဲ့ မအောင်မြင်နိုင်ပါ။ ဆန္ဒပြပွဲ၊ CDM၊လက်နက်ကိုင်လမ်းစဉ်၊ တွေ့ဆုံဆွေးနွေးပွဲတွေကို ဟန်ချက်ညီလုပ်မှ အောင်မြင်မှာလို့ ပြောပါရစေ။ စာ​ရေးသူကတော့ လက်နက်ကိုင်လမ်းစဉ်ဟာ တော်လှန်ရေးနည်းတွေထဲက တစ်ခုဖြစ်ပြီး လက်တွေ့ကျတဲ့အောင်မြင်နိုင်တဲ့ နည်းလမ်းတစ်ခုလို့ ပြောပါရစေ။ အရေးတော်ပုံအောင်ရမည်။

53 views0 comments

Comments


bottom of page