top of page
Search
Writer's pictureMyat Tun Oo

အားလုံးကောင်းသေးလား?




နေဝင်းလက်ထက်မှသည် ဘရွှေလက်ထက်အထိ အားလုံးကောင်းပါသည်လို့ လုပ်ခဲ့ကြရာမှာ တိုင်းပြည်ဘာဖြစ်သွားလဲ အားလုံးသိပြီးပါပြီ။

ဒါက အပြစ်ပြောတာမဟုတ်ဘဲ သမိုင်းသင်ခန်းစာပါ။ DASSK အစိုးရတက်လာချိန်မှာ သူမခန့်ထားပုံအရကို NLD က ဝကခတွေ ဝန်ကြီးတွေဘာလုပ်လုပ် သူမက ချက်ခြင်းသိပြီး တပ်ကလုပ်တာကိုသာအသိနောက်ကျတတ်ပါတယ်။

ဒီနေရာမှာ တပ်ထဲမှာ ဘရွှေတာဝန်ယူစဉ်က အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ မဟာဘွဲ့မှာထူးချွန်သူတွေကို နေရာကောင်းတွေ စပေးပါတယ်။ ထူးချွန်သူတွေဆိုတာ မြန်မာပြည်ရဲ့ ပညာရေးဆိုတာတော့ အားလုံးသိပြီးသားနေမှာပါ။ ဒါပေမယ့် အများစုက သီအိုရီမှာ တအားကောင်းနေပေမယ့်လက်တွေ့မှာကတော့ သူရဘွဲ့မပြောနဲ့ ဘာမှသေချာမတိုက်တတ်သူများပါ။

ယခုဘရွှေနဲ့ သူရရွှေမန်းတို့လိုလူတွေ အနားယူအပြီးမှာတော့ တပ်မတော်ဟာ ဘရွှေလက်ထက်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းဆင်းများနဲ့သာ သွားပါတော့တယ်။

လက်ရှိကာချုပ် မအလဟာ ဘရွှေလက်ထက်ပေါ်လစီတွေ လိုက်လုပ်ရာမှာ ထူးချွန်ပါတယ်။ ကြက်စူပင်စိုက်တာမျိုးပေါ့။ လူကြီးလာရင် ကြက်မွေး၊ ဝက်မွေးပြတာလဲ ဖော်ရှိုးလုပ်ရာမှာတော်ပါတယ်။ သူ့ကို ရာထူးတိုးပေးအောင် အစွမ်းပြခဲ့တယ်ဆိုပြီး သူကဘရွှေထံတင်ပြခဲ့တာကတော့ ကိုးကန့်စစ်ပွဲပါ။ဒါနဲ့ဘရွှေကလဲ သူ့ကို အားလုံးကိုကျော်ပြီး ရာထူးတိုးပေးခဲ့ပါတယ်။

ယခု ၂၀၁၀ ကနေ ၂၀၂၀ အထိစစ်ပွဲတွေ ဆင်နွဲလာလိုက်တာဟာ သူ့ရဲ့အရည်အချင်းတွေကိုတစ်ခုပြီးတစ်ခုမြင်လာရပါတယ်။

ယခုပြောချင်တာကတော့ ဓာတ်ခဲကိစ္စပါ။ ဓာတ်ခဲတပ်တွေ ပလက်ဝ ကိုစိမ့်ဝင်တာ၊ ရခိုင်ကိုစိမ့်ဝင်တာကို စရဖက လုံးဝမသိခဲ့ပါ။ ကုန်းလမ်းကနေ လက်နက်တွေပို့ တိုက်မဲ့လူတွေကို ပြည်မကို ဖြတ်ပို့တာကိုလဲ မသိခဲ့ပါ။ သူတို့ရဲ့ အဓိကဝင်ငွေလမ်းဖြစ်တဲ့ မူးယစ်ဆေးဝါးတို့ ဘိန်းတို့ ဖြတ်တာလဲ မသိလိုက်ပါ။ဟိုသူ့တပ်ကလူကို မိတာကလဲ စရဖကြောင့်မဟုတ်ဘဲ ဟိုလူအမူးလွန်ရာက မိတာပါ။ ဒါပေမယ့် အဘကိုအားလုံးကောင်းပါသည်လို့ သတင်းပို့ကြတော့ အဘကလဲ ကောင်းနေတာပေါ့။

တိုက်ပွဲတွေ စဖြစ်တော့လဲ ဟိုက မြေပြင်မှာ သွားလာနေတဲ့ တပ်တွေကို စတိုက်ပါတယ်။ တောင်ပေါ်ကဆင်းလာတိုက် ပြီးရင်ပြန်တက်သွားပါတယ်။ သူ့လူမျိုးရွာတွေက ထောက်ပံ့ပါတယ်။ ပြီးရင် ကားလမ်းဘေးရွာတွေကထွက်လာတိုက် ပြီးရင် သူကအရပ်သားဝတ်စုံနဲ့ ရွာထဲပြန်ဝင်ရင် ရွာသားပြန်ဖြစ်ပါတယ်။ မိမိတပ်သားတွေကတော့ သေပေါ့။ အထက်ကိုသတင်းပို့တော့ နိုင်နေပါသည်ပေါ့။ အားလုံးကောင်းပါသည်ပေါ့။ ဓာတ်ခဲကလဲ တပ်စခန်းအကြီးကိုဝင်တိုက်ရင် သူအသေများလို့ အကြီးအကျယ်မတိုက်ခဲ့ပါ။ တချိန်ထဲမှာဘဲ အဘကလဲ ဓာတ်ခဲက ဟိုလူ့ဖမ်း ဒီလူ့ဖမ်းရင် အရေးပေါ်အခြေအနေကြေညာသင့်ပြီ ဘာညာ ဧည့်စာရင်းမတိုင်လို့ ဘာညာဆိုပြီး အစိုးရနဲ့ လွှတ်တော်ကို အပြစ်ပုံချပြီးနိုင်ငံရေးကစားဖို့သာ စိတ်ဝင်စားခဲ့ပါတယ်။

ဒါတွေအားလုံးဟာ ၂၀၂၀ မှာ ပြောင်းလဲခဲ့ပါတယ်။ ဓာတ်ခဲဟာ သူ့အိမ်မက်အရ တပ်စခန်းကြီးတွေမြို့တွေကို သိမ်းပြဖို့လိုလာပါတယ်။ စစ်ရေးအရ လှုပ်ရှားရာမှာ သူကဘင်္ဂါလီရွာကို ဝင်မိရာက င်္ဘဂါလီတွေက တပ်ကိုသတင်းပေးရာကနေ တပ်ကလိုက်တိုက်ပါတယ်။ အဲ့ဒီကနေ ထိတွေ့မှုပိုများလာပါတယ်။ တပ်ဟာ ဓာတ်ခဲလူမျိုးရွာကနေ သတင်းမရခဲ့ပါ။ လောကကြီးက ဆန်းကျယ်ပါတယ်။ ထားပါတော့။

နောက်ကုလားတန်မြစ်တစ်လျောက် ဓာတ်ခဲရဲ့ ကြီးစိုးမှုကို ဖြတ်တောက်ဖို့ လုပ်လာနေရပါပြီ။ ဓာတ်ခဲက မြစ်ဘေးကရွာတွေထဲကနေ ပစ်ခတ်ပြီး ရေလမ်းကြောင်းကို ပိတ်ဆို့လာနိုင်ခဲ့ပါတယ်။

ယခင်ကဆို လေတပ်ကိုလိုရင် ကကကြည်းအထိ အမိန့်တောင်းရပါတယ်။ ယခုဆိုရင် ဗျူဟာအတွင်းကနေဘဲ ခေါ်လိုက်တာနဲ့ နာရီပိုင်းအတွင်း တက်ပြီးပစ်ကူပေးနေပါပြီ။

နောက်ဆုံးကတော့ မီးဝဗျူဟာကုန်းပါ။ ရန်သူက ဝိုင်းထားတာ လချီသွားပါပြီ။ ရန်သူက ဝိုင်းထားပြီးခဏခဏ တက်တိုက်ပါတယ်။ ယခုအချိန်အထိပါ။ ရန်သူအလုံးအရင်းနဲ့ တက်တိုက်ရင် လေကြောင်းကနေ ပစ်ကူပေးပါတယ်။ ရန်သူ့အလောင်းတွေ ၃၀-၅၀ ကျန်ခဲ့ပါတယ်။ အရပ်ဝတ်နဲ့ပါ။ တပ်မှာဓာတ်ပုံအထောက်အထားတွေရှိပါတယ်။ ဒါပေမယ့် အဝိုင်းခံရတာကိုတော့ မရှင်းထုတ်နိုင်သေးပါ။

ဒါကဘာကိုပြသလဲ။ အားလုံးဟာ သီအိုရီတော်သလိုလို စာရွက်ပေါ်မှာကောင်းပြီး အဖားကောင်းလို့ရာထူးတက်ခဲ့သူက တပ်ထိပ်ပိုင်းထဲမှာ များနေခဲ့ပါတယ်။ အကျိုးဆက်က ယခုဓာတ်ခဲနဲ့စစ်ပွဲမှာ စတွေ့နေပါပြီ။ ဒါဟာ အများပြောသလို ဓာတ်ခဲအဆင့်သာရှိပါသေးတယ်။ ကြည်းတပ်ရဲ့ လက်ရှိအခြေအနေအရ ရေတပ်နဲ့ လေတပ်မကယ်ရင် ရခိုင်ကျသွားနိုင်လားဆိုတာ မေးခွန်းမေးစရာရှိလာပါတယ်။

ယခုတပ်ရင်းမှူး အဖမ်းခံရတာကိုလဲ အထက်ကိုတင်ရာမှာတော့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့သာ တင်ပါတယ်။ အောက်ခြေမှာတော့ ဦးဝှေ့တင်းအဖမ်းခံရချိန်မှာ ဘယ်တော့မှအသည်းအသန် လိုက်မရှာခဲ့ပေမယ့် တပ်ရင်းမှူးစစ်ကြောင်းနောက်ကို နောက်ကစစ်ကူရောလေကြောင်းကရော လိုက်ရှာနေပြီး အမြန်ကယ်ဖို့ လုပ်နေပါတယ်။ မတွေ့ရင်တော့ အဘကို ဓာတ်ခဲဘာလုပ်လဲအပေါ်မှာ မူတည်ပြီး အစီရင်ခံပါလိမ့်မယ်။ ဓာတ်ခဲက ဒီတပ်ရင်းမှူးရဲ့ ဗီဒီယိုတင်ခဲ့ရင်တော့ပြည်သူရော အစိုးရပါသိလို့ လိမ်ရခက်ပါမယ်။ မတင်ရင်တော့ အဘအတွက် အသက်ရူရ ချောင်နိုင်ပါတယ်။ ယခုဟာက ဓာတ်ခဲဆုတ်ခွါရာနောက်ကို ထပ်ချပ်မကွာ ဗုံးလိုက်ကြဲ လိုက်ပစ်နေပါတယ်။ ရွာထဲဝင်ပြေးလဲ သူကရွာထဲကနေ အပေါ်ကိုပြန်ပစ်ရင် ပစ်ချပါတယ်။ မိမိလူကို လူသားဒိုင်းနဲ့ခံထားလဲ ပစ်ပါတယ်။ ဒါက အဘရဲ့ ညွှန်ကြားမှုပါ။

စစ်ရေးသဘောအရ ရေတပ်၊ လေတပ်တွေ ကူရနိုင်ပေမယ့် လက်ရှိတပ်ချုပ်တာဝန်ယူစဉ်ကထဲက ရှမ်းပြည်မှာဖြစ်တာနဲ့ ရခိုင်မှာဖြစ်တာတွေကိုကြည့်ရင် သူ့ရဲ့ တိုက်ခိုက်မှုအရည်အသွေး ဗျူဟာအရည်အသွေးဟာ ညံ့ဖျင်းတာကိုတွေ့ရမှာပါ။ တပ်ထဲနေသူများ တပ်ကထွက်သူများ ဘရွှေ၊ ဘစိန်၊ဘရွှေမန်း၊ တင်အောင်မြင့်ဦးတို့လဲ သဘောပေါက်နေပါပြီ။ ဒါကနိုင်ငံရေးမပါတဲ့ သူ့ရဲ့စစ်ရေးအရည်အချင်းကို သုံးသပ်မှုပါ။

စာရေးသူအနေနဲ့က ဓာတ်ခဲကမြို့ကြီးကြီးတွေကို မသိမ်းနိုင်သေးပေမယ့် ထသိမ်းခဲ့ရင်တော့ လက်ရှိတပ်ချုပ်ရဲ့ အရည်အချင်းကို တပ်တွင်းရော တပ်ပြင်ကပါ ပေါ်တင်မေးခွန်းထုတ်လာနိုင်ပါတယ်။NLD အစိုးရရဲ့ ဝကခတွေကို အပ်ကျတာကအစ ဝေဖန်လေ့ရှိတဲ့ သတင်းသမားများကလဲ အဘကို မဝေဖန်ရဲတာတွေ့ရပါတယ်။ အထူးသဖြင့် အဘထွက်ပါလို့ မတောင်းဆိုရဲတာပါ။

မြန်မာပြည်ရဲ့ ပြဿနာက မိမိလုပ်ရမယ့်အလုပ်ကို ပိုင်နိုင်စွာမလုပ်တတ်ဘဲ လွှတ်တော်ထဲမှာ ဝင်အာခြောင်လို့ ပြည်သူကလဲမုန်း မိမိအလုပ်လဲ မလုပ်တတ်ဘဲ သာလွန်အင်အားနဲ့တောင် နိုင်အောင်မတိုက်နိုင်တာဟာ အင်မတန်ရှက်ဖို့ကောင်းတာပါ။ ဒီလိုအသုံးမကျသူကို သာမန်ခြေဥရှိတဲ့နိုင်ငံမှာ သမ္မတကထုတ်လိုက်တာကြာပါပြီ။ ဒီနိုင်ငံမှာတော့............။

9,168 views0 comments

Comments


bottom of page