မနေ့ညက DASSK မိန့်ခွန်းမှာ တောင်ကိုရီးယားက ဝယ်ထားတဲ့ ကိုဗစ်စစ်တဲ့ဟာတွေ ရောက်လာပြီလို့ပြောသွားပါတယ်။ ဒီဟာလေးက ဆီးချိုစစ်သလို လက်ထိပ်ကို သွေးဖောက်စစ်တာပါ။ ကျန်းမာရေး ဝန်ထမ်းအချို့ကလဲ နှာခေါင်းတို့ပတ်ကို အမြန်စစ်တာလို့ ပြောပါတယ်။ လာရင်တွေ့မှာပါ။ ဒါကြောင့်ရောဂါပိုးရှိမရှိ ချက်ခြင်းသိရမှာပါ။ ဒါကြောင့်မိုလို့ နောက်တစ်ပတ်အတွင်း ရောဂါပိုးတွေ့သူအရေအတွက်ဟာ အများကြီးတက်သွားမှာပါ။ ဒါဟာ ကြောက်စရာလား?
ပိုးတွေ့တာဟာ မကောင်းတာမှန်ပါတယ်။ ဒါပေမယ့် ကိုဗစ်ပိုးတွေ့တာဟာ ကင်ဆာရောဂါတွေ့တာမဟုတ်ပါ။ သေမိန့်ရတာတော့ မဟုတ်ပါ။ ရောဂါဖြစ်သူရဲ့ ၈၁% ဟာ ဘာမှမဖြစ်ပါ။ ၁၀၀ ဖြစ်ရင် ၈၁က ဘာမှ အကြီးအကျယ်မဖြစ်ပါ။ အသေးအမွှား mild case ပေါ့။ အနံ့ပျောက်ရုံပေါ့။ ၁၄% ကတော့ရောဂါဆိုးပါတယ်။ အောက်ဆီဂျင်လိုတယ်ပေါ့။ အချို့ဆိုလဲ ဒီထက်ပိုလိုပါလိမ့်မယ်။ ၅% ကတော့အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်နိုင်ပါတယ်။ သူတို့က အခြေအနေမကောင်းဘူးပေါ့။ (Ref: NEJM)
ဒါဆို ငါတို့က ဘာလုပ်ရမလဲ။ အဆိုပါ နေကောင်းနေတဲ့ ၈၁% က လူတွေကို ကူးဆက်နိုင်ပါတယ်။ သူတို့က ကောင်းနေတော့ လျှောက်သွားနေနိုင်လို့ပါ။ ဒါကြောင့် သူတို့ကို ဆေးရုံလိုမျိုး အဆောင်နဲ့ စောင့်ကြည့်နေရာမှာ ထားထားရမှာပါ။ ရည်ရွယ်ချက်က သူတို့ကနေ အခြားလူကို ဆက်မကူးအောင်နဲ့ သူတို့ကနေ ရောဂါဆိုးလာရင် အမြန်သိအောင်နဲ့ ကုသပေးဖို့ပါ။
သူတို့က အနံ့ပျောက်ရုံမိုလို့ အိမ်မှာထားလိုက်ပါလား? အမေရိကန်လဲ အိမ်မှာထားတယ်၊ အင်္ဂလန်လဲအိမ်မှာထားတယ်၊ စင်ကာပူလဲ အိမ်မှာထားတယ်လို့ပြောလိုသူ နိုင်ငံခြားက ဆရာကြီးများ ပြည်တွင်းက ဆရာကြီးများ ရှိနိုင်ပါတယ်။ အားလုံးကို လေးစားပါတယ်။
ပထမပြဿနာက ရန်ကုန်ကအိမ်တွေက ကျဉ်းပါတယ်။ ၆ ပေကွာဖို့ မဖြစ်နိုင်ပါ။ ဒုတိယပြဿနာကအထက်က ရောဂါဆိုးတဲ့ ၁၄% နဲ့ ICU ရောက်နိုင်တဲ့ ၅% ဟာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ပန်းနာ ရင်ကျပ်၊လေဖြတ်၊ ကင်ဆာရှိသူများပါ။ အဲ့ဒီမှာ ပြဿနာက စပါတယ်။ ယခုစာဖတ်နေသူများ အသက် ၄၀အထက် ဘယ်သူက နှစ်စဉ် သွေးပေါင်ချိန်ပါသလဲ ဆီးချိုစစ်ပါသလဲ? ဗဟိုစီက သေသွားတဲ့ သူနာပြုအကူဆိုရင် သူဆီးချိုရှိမှန်းတောင် သိပုံမရပါ။ ဒါကလဲ စာရေးသူတို့လူမျိုးအပြစ်မဟုတ်ပါ။ စားဖို့တောင် အနိုင်နိုင်ကို ဘယ်သူကဆရာဝန်ကို အားရင်သွားပြမလဲ။ ထိုင်းမှာ ဘတ် ၃၀ အစီအစဉ်ရှိလို့ လူတွေက သွားစစ်ပါတယ်။ စစ်ရင်ရောဂါရှိတာ သိပါမယ်။ စာရေးသူတို့တိုင်းပြည်မှာက မိမိမှာ အဆိုပါရောဂါရှိတာတောင် မသိသူတွေ ရှိနိုင်ပါတယ်။
တတိယပြဿနာက မြန်မာလူမျိုးက အိမ်မှာ ဆေးမီးတိုနဲ့ ကုကြတာပါ။ ဂျင်းပြုတ်သောက်ဆိုပြီး ဂျင်းမိတာပေါ့😀။ ဒါကြောင့် ဆေးရုံကို သေခါနီးမှ ရောက်လာပြီး ဆေးရုံရောက်ရင် သေတယ်ဆိုတဲ့အစွဲကစွဲနေတတ်ကြပါတယ်။ ဒါကလဲ ၁၉၆၂ ထဲက မကောင်းခဲ့တဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကြောင့်ပါ။ NLD အစိုးရလက်ထက် တိုးချဲ့ရင်းနှီးမြုပ်နှံပေမယ့် စာရေးသူတို့ နှစ် ၅၀ ကျော် ဥပက္ခာပြုထားတာကို ငါးနှစ်နဲ့ ဖန်ဆင်းလို့မရပါ။ စာရေးသူ ယခင်ကရေးခဲ့သလို အထူးကြပ်မတ်ကုသအထူးကုဖြစ်ဖို့ ဆရာဝန်ပေါက်စကနေ ၈-၁၀ နှစ်ကြာပါတယ်။
စာရေးသူတို့တိုင်းပြည်အဓိကသွားနေတဲ့ ဗျူဟာက ကာကွယ်ရေးပါ။ ဒါကြောင့် ပိုးတွေ့ပြီး နေကောင်းနေသူများကို ခွဲထုတ်ထားနိုင်ရင် ကူးစက်မှုကို ထိန်းချုပ်ထားနိုင်မှာပါ။
ဒီနေရာမှာ
၁။ ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ပြီး ရောဂါအခံမရှိသူများက (asymptotic without pre-existing condition)တစ်အုပ်၊
၂။ ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ပြီး ရောဂါအခံရှိသူများက (asymptomatic case with pre existing condition) တစ်အုပ်၊
၃။ ရောဂါလက္ခာပြပြီး ရောဂါခံမရှိသူများက တစ်အုပ်၊
၄။ ရောဂါလက္ခဏာပြပြီး ရောဂါအခံရှိသူများက တစ်အုပ်၊
၅။ ရောဂါအလွန်ဆိုးသူများက တစ်အုပ်ဆိုပြီး ကွဲသွားမှာဖြစ်သလို ထားတဲ့နေရာလဲ ကွဲလာနိုင်ပါတယ်။
အားလုံးကို ပြောချင်တာက ပိုးတွေ့တာများလာပေမယ့် အားမလျှေ့ာ့ပါနဲ့။ အားတင်းထားပါ။ ပိုးတွေ့သူက နောက်တစ်ပတ်လောက် ဆက်တက်နေမှာပါ။ အောက်တိုဘာ ၁၀ ရက်နောက်ပိုင်း ၁၅ ရက်လောက်ဆိုရင်တော့ ဒီတိုက်ပွဲကို နိုင်မနိုင် သိပါပြီ။
ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက
✅ အိမ်ထဲမှာနေပါ
✅ လက်ဆေးပါ
✅ နှာခေါင်းစည်းတပ်ပါ
✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။
✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့
(စာကြွင်း၊ ဤဆောင်းပါးအတွက် ဆေးပညာဆိုင်ရာ အချက်အလက်များကို အမေရိကန်၊ ယူကေနှင့်စင်ကာပူမှ ကူးစက်ရောဂါ အထူးကုဆရာဝန်များမှ ကူညီရေးသားသည်။)
Reference: NEJM, Lancet, RCPE
ဦးမြတ် !!
အများဆွေရင်း သွေးသားချင်းမို့
အားတင်း မာန်ရံ
ဇွဲသစ် သန်ထန်
အမြင်မှန်မှန်
အဖိုးတန် အမျိုးမှန်ချစ်တို့
ဧကန် မလစ်
ကိုဗစ်နွံ မနစ်
လူလည်း လွတ်စေ
ကပ်မှ ကျွတ်
ပြည် အသစ် တည်ရန်
အားပြည့် စေရာ
အားဖြည့်ကဗျာ
ထုတ်နုတ်တင်ဆက်
စိတ်ခွန်အားတွက်။
သူ ရဲ ကောင်းများ
သိပါစေသော်
မြင်ပါစေသော်
ကြွားဝံ့ မော်ဖို့။
%% လုလင် နှင့် ခြေလှမ်း %%
တောင်တစ်ကွေ့ကို
ကျော်၍ဖြတ်သန်း
ခပ်လှမ်းလှမ်းတွင်
တောင်တန်းအသစ် မြင်ပြန်ပြီ။
တစ်ကွေ့ကျော်လည်း
ကျော်သည့် ကာလ ၊ တခဏ ပင်
ချမ်းမြသလို ရှိလိုက်သည်။
တောင်နှင့် တောကြောင့်
စိတ်မော လူမော ၊ အကြံ မော၍
တဟော ဟဲဟဲ ၊ စိတ်မရဲစဥ်
!!!တိုက်ပွဲများစွာ ၊ ဘဝတာတွင်
တိုက်ပါ ခိုက်ပါ ၊ ရင်ဆိုင်ပါ!!!ဟု
များစွာရဲဘော်
ကြွေးကြော်သောကြောင့်
သြော် သြော် သြော်
ဟုတ်သား ပါကလား ဟု
တအားတအင် ၊ လမ်းကိုမြင်သည်
လုလင် ခြေလှမ်း တိုးလေပြီ။
တင်မိုး
{ကဗျာဆရာကြီး(ဦး)တင်မိုး }
၁. ၁၂. ၁၉၆၆