top of page
Search
Writer's pictureMyat Tun Oo

အမေစုပြောတဲ့ စည်းလုံးကြပါ

တော်လှန်ရေးမှာ အာဏာရှင်နဲ့ ဒီမိုတွေတိုက်ကြပါတယ်။ အာဏာရှင်ရဲ့ အားသာချက်က တစ်သွေးတစ်သံ တစ်မိန့်ပါ။ ဒီမိုတွေရဲ့ အားသာချက်က မတူတဲ့အမြင်ရှိပြီး အားနည်းချက်ကအသံမျိုးစုံပြီး ကွဲဖို့လွယ်တာပါ။ ဒီနေရာမှာအချို့က အဖွဲ့ပေါင်းစုံမှ တော်လှန်ရေးကအောင်မြင်မယ်ဆိုပြီးပြောသူများလဲ ရှိကြပါတယ်။ အဖွဲ့စုံမှ ဒီမိုဖြစ်ပြီး တော်လှန်ရေးအားကောင်းမယ်ဆိုတဲ့အတွေးရှိတဲ့ အဖွဲ့များပါ။ ဒါကြောင့် တပ်ဆိုရင်တောင် NUG တပ်မဟုတ်ဘဲ တပ်ပေါင်းစုံရှိနေမှာ အရောင်စုံပြီး တော်လှန်ရေးနိုင်မယ် ဒီမိုမြန်မြန်ရမယ်လို့ သူတို့ကဆိုပါတယ်။


စာရေးသူအနေနဲ့ နိုင်ငံတကာဥပမာ ပြည်တွင်းဥပမာ အထောက်အထားတွေနဲ့ပြောပါ့မယ်။ဆီးရီးယားမှာ အာဆတ်ကို ဝိုင်းတိုက်တာ အဖွဲ့တွေစုံပါတယ်။ ကဒ်သူပုန်၊ အဖွဲ့ပေါင်းကို စုံနေပါတယ်။ လူမျိုးတစ်ခု အဖွဲ့တစ်ဖွဲ့နီးပါးပါ။ ပထမက Free Syrian Army လို့ခေါ်တဲ့ အာဆတ်တပ်ထွက်တွေနဲ့ ဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး သူ့အထဲမှာ တူရကီက ထောက်ခံတဲ့အုပ်စုနဲ့ အာရပ်က ထောက်ခံတဲ့အုပ်စု ထပ်ကွဲသွားပါတယ်။ နောက် အကြမ်းဖက်အားကောင်းတဲ့အဖွဲ့တွေကလဲ အာရပ်နိုင်ငံအချို့ အကူအညီနဲ့ ရပ်တည်ခဲ့ပါတယ်။ အရှေ့မြောက်မှာက အမေရိကန်ထောက်ပံ့တဲ့ ကဒ်သူပုန်တွေ ရှိခဲ့ပါတယ်။ အာဆတ်က အာဏာရှင်မိုလို့ အာဏာရှင်ဆန်ဆန်လုပ်သွားပါတယ်။ တစ်ချိန်ထဲမှာ ISIS ကလဲ ဆီးရီးယားတော်လှန်ရေးထဲကို ထိုးဖောက်လို့ အတိုက်အခံအားပျော့သွားခဲ့ပါတယ်။ သူတို့ကို ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့လဲပြည်သူက ရွေးထားတာမဟုတ်လို့ လူထုထောက်ခံမှု မရရှိခဲ့ပါ။ လက်နက်ကိုင်အဖွဲ့များစွာဖြစ်ခဲ့လို့ ယခုဆီးရီးယားတော်လှန်ရေးမှာ အာဆတ်နိုင်သွားတာ အားလုံးသိမှာပါ။ နောက်ဥပမာက လစ်ဗျားမှာပါ။ ကဒါဖီကိုတိုက်ချိန်က ဗုံးကြဲပြီး အနောက်ကကူခဲ့ကြပါတယ်။ ဒါပေမယ့် အောက်ခြေမှာ အဖွဲ့များစွာကွဲပြီး ကဒါဖီမရှိချိန်မှာတောင် အချင်းချင်းတိုက်လို့မဆုံးလို့ယခုအချိန်ထိ စစ်မီးတောက်နေခဲ့ပါတယ်။ ဒါက အဖွဲ့များလို့ တော်လှန်ရေးမအောင်မြင်တဲ့ဥပမာတွေပါ။ စာရေးသူပြောတာကို ယုံစရာမလိုဘဲ မိမိဖာသာ ဖတ်မှတ်လေ့လာလို့ရပါတယ်။


တစ်ဖွဲ့ထဲနဲ့ တော်လှန်ရေးအောင်မြင်ခဲ့တာက တရုတ်ကွန်မြူနစ်ပါတီဦးဆောင်တဲ့ တရုတ်ပြည်သူ့တပ်မတော်၊ နီပေါကွန်မြူနစ်ပါတီအောက်က စစ်တပ်နဲ့ အာဖဂန်က တာလီဘန်တွေပါ။ နီပေါကွန်မြူနစ်တပ်နဲ့ နီပေါဘုရင့်တပ်တွေတိုက်ခဲ့တာ ၁၉၉၆ကနေ ၂၀၀၆အထိတိုက်ခဲ့တာပါ။ လူပေါင်း ၁၇၀၀၀ သေခဲ့ပါတယ်။ သူတို့ကိုလေ့လာရင် အာဏာရှင်ဆန်တာတွေ့ရမှာပါ။ နီပေါကလွဲလို့ပေါ့။ ဒါက ပြည်ပက ဥပမာပါ။

ပြည်တွင်းက ဥပမာအနေနဲ့ ရှမ်းပြည်မှာ ရှမ်းမြောက်နဲ့ ရှမ်းတောင်မှာ ရှမ်းလူမျိုးကို ကိုယ်စားပြုတဲ့တပ်တွေရှိပါတယ်။ အခြားလူမျိုးစုကိုယ်စားပြုတဲ့ တပ်တွေလဲရှိပါတယ်။ ရှမ်းပြည်လွတ်လပ်ရေး မရသေးပါ။ ရခိုင်မှာက AA တစ်ဖွဲ့ထဲရှိလို့ သူက လွတ်လပ်ရေးနဲ့ ပိုနီးစပ်တာအားလုံးလက်ခံရမှာပါ။ ဒါက ထင်သာမြင်သာတဲ့ ဥပမာတွေကို အထောက်အထားနဲ့ စာရေးသူက ရေးပြတာပါ။


ဒီနေရာမှာ NUG လုပ်သမျှကောင်းတယ်ဆိုပြီး ပြောနေတာမဟုတ်ပါ။ ကိုယ်တွေ့လေး ရေးပါ့မယ်။ ဥပမာ စာရေးသူက ဒေသခံတပ်တွေကိုလှူရင် NUG အောက်ရှိမရှိ စစ်ပြီးမှလှူပါလို့ရေးခဲ့တာ အားလုံးမှတ်မိမှာပါ။ စာရေးသူကိုထောက်ခံသူတွေ နိုင်ငံခြားက တူ/တူမတွေကဒေသခံ PDF တွေကို လှူလိုချိန်မှာ သူတို့နိုင်ငံက NUG ကိုယ်စားလှယ်ကို မေးခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းမပြန်ခဲ့ပါ။ NUG က ထိုကိုယ်စားလှယ်တွေကို ဘာလုပ်နိုင်မှာပါလဲ? အဖြေကထိုဒေသခံကိုယ်စားလှယ်တွေက လုပ်အားပေးတွေပါ။ သူတို့ကို NUG က လစာပေးထားတာမဟုတ်ပါ။ အချို့က ဆရာဝန်တွေ၊ အချို့က စာရင်းကိုင်တွေ၊ အချို့က မန်နေဂျာတွေပါ။ သူတို့ရဲ့အလုပ်လဲလုပ်သလို NUG ကိုလဲ ကူနေတာပါ။ ထို့အတူပါဘဲ သူတို့က NUG ဝန်ကြီးရုံးကို ပြန်မေးချိန်မှာလဲ NUG ဝန်ကြီးရုံးမှာ လုပ်သူတွေကလဲ နိုင်ငံတကာရောက် မြန်မာများကလုပ်အားပေးကူနေသူများပါ။ အချို့က လစာရကောင်းရနိုင်ပေမယ့် အနောက်နိုင်ငံနဲ့ အမေရိကန်ရောက်လူကို လစာပေးဖို့ကတော့ သူတို့လက်ရှိရနေတဲ့ လခလောက်ရမှသာ ဖြစ်နိုင်မှာပါ။NUG မှာ ထိုကဲ့သို့ပေးနိုင်တဲ့ပိုက်ဆံ မရှိနိုင်သလို အဆိုပါ နိုင်ငံခြားရောက်လူများကလဲ သူတို့ရဲ့လက်ရှိ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်အလုပ်ကို စွန့်လွှတ်ပြီး NUG ရဲ့မဖြစ်စလောက်လစာနဲ့ NUG အလုပ်သာလုပ်ဖို့က မလွယ်ပါ။

ဒါဆိုရင် NUG မှာ ဝန်ထမ်းအင်အားများလာအောင် ဘယ်လိုလုပ်မလဲ? ပထမမေးခွန်းက ဒီလူမကောင်းရင် နောက်လူခန့်လိုက်ပါလားဆိုတဲ့မေးခွန်းကရှိပါတယ်။ စိန်ခေါ်မှုက အဆိုပါလူတွေဟာ မအလနဲ့ ဆက်စပ်မှုရှိ မရှိစစ်ရတာ vetting လုပ်ရတာက ပြဿနာပါ။

စာရေးသူရဲ့ နောက်အတွေ့အကြုံလေးပြောပြပါ့မယ်။ မအလနဲ့ NUG က ဆန့်ကျင်ဖက်ပါ။ မအလက MRTV app လောက်ကိုဆင်းပြီး နိုင်ငံတော်အခမ်းအနားနဲ့ ဖွင့်ပါတယ်။ အပေါ်ယံစနစ်ကျတယ်လို့ ထင်ရပေမယ့် သူဖွင့်တာက MRTV app သာပါ။ ဒါဆို NUG ကို လေ့လာရအောင်။ သူ့မှာ clicktodonate လုပ်ပါတယ်။ NUGက လုပ်ခိုင်းတာလား လူငယ်တွေက သူ့တို့ဖာသာလုပ်တာလား စာရေးသူ မသိပါ။ NUG က ဘာဖွင့်ပွဲမှ မလုပ်ပါ။ ဒါက ပြဿနာမရှိသေးပါ။ ဒါပေမယ့် clicktodonate က ဝင်ငွေကောင်းတယ်လို့ နာမည်ကြီးလာချိန်မှာ မအလရဲ့ စရဖနဲ့ အခြားအဖွဲ့တွေက ပစ်မှတ်ထားလာပါတယ်။ clicktodonate ကို ပြည်တွင်းကဝင်ငွေရှာမရအောင်လုပ်တာ ဆင်တူယိုးမှားလေးတွေကို လိုက်တင်တာ စလုပ်ပါတယ်။အခြား NUG မဟုတ်တဲ့ တော်လှန်ရေးအဖွဲ့တွေကလဲ အဆိုပါအရာမျိုး လိုက်လုပ်ကြပါတယ်။ သူတို့ကတော့ သူတို့အဖွဲ့ဝင်ငွေအတွက်ပါ။ ဒါ့အပြင် clicktodonate က BPLA ကို လှူတယ်ဆိုချိန်မှာ သာမန်လူတွေ ဇဝေဇဝါဖြစ်ကုန်ပါတယ်။ လူတစ်ယောက်ရှေ့မှာ ကလစ်ပေါင်းများစွာလာချပေးချိန်မှာ ဘယ်ဟာကိုကလစ်လုပ်ရမှန်းမသိတော့ပါ။ ပြည်တွင်းကလူတွေက ဘယ်ဟာကလစ်လုပ်ရမှန်းမသိသလို နိုင်ငံခြားကလူကလဲ အချိန်မရှိပါ။ ပုံမှန်မှာဆိုရင်တော့ မအလလောက် ဖွင့်ပွဲမလုပ်နိုင်ရင်တောင် NUG က ဘယ်ကလစ်က သူ့အောက်မှာဆိုတာမျိုး NUG က အသိအမှတ်ပြုထားတယ်ဆိုတာမျိုး certified by NUG ဆိုရင် ကလစ်ဖောင်းပွမှုကို လျော့ချနိုင်မှာပါ။ နောက် clicktodonate က သူတို့ဟာ NUG အောက်ကအဖွဲ့ကိုသာလှူတယ်ဆိုတာ NUG နဲ့ ညှိထားရပါမယ်။ ဒီလို အကြောင်းတွေကြောင့် လူတွေက ကလစ်ပေမယ့် ကလစ်တွေက အဖွဲ့များနေလို့ ဝင်ငွေမတက်တာပါ။ ဒါကို ပြည်သူကို ကလစ်မလုပ်ဖူးပြောလို့မရပါ။ ကျန်တာက ကလစ်က NUG ကို ထောက်ပံ့တာလား အခြား NUG အောက်မဟုတ်တဲ့အဖွဲ့ကို ထောက်ပံ့တာလားဆိုတာ လူတွေက ဝေဝါးသွားတာလဲပါပါမယ်။

စာရေးသူအနေနဲ့ NUG စီမံဘဏ္ဍာကို ပြန်ဆက်ပါမယ်။ စာရေးသူအနေနဲ့ စီမံဘဏ္ဍာဝန်ကြီးနဲ့ယခင်ကမသိခဲ့သလို ယခုလဲမသိပါ။ ဒါပေမယ့် သူတို့ရဲ့အခွန်ကောက်တာတွေ၊ website ကနေတဆင့် အခွန်ဆောင်နိုင်အောင်လုပ်တာတွေက စာရေးသူလို အဘသားတွေအတွက်တော့အံ့မခန်းပါ။ အလွန်တော်နေပါတယ်။ နောက်နွေဦးထီလုပ်တာ၊ ငွေတိုက်စာချုပ်ကိုတော်လှန်ရေးအစိုးရအနေနဲ့ရောင်းတာတွေက စမ်းသစ်တဲ့ တွေးခေါ်မှု(innovative idea) ပါ။ဒါမျိုးတွေက ဆီးရီးယားနဲ့ လစ်ဗျားမှာတောင် မရှိခဲ့ပါ။ နောက် မအလအိမ်ကို ရှယ်ယာရောင်းတာမျိုးက အင်မတန်ကောင်းတဲ့ တွေးခေါ်မှု တီထွင်မှုပါ။ ဆီးရီးယားတော်လှန်ရေးမှာတောင်အာဆတ်အိမ်ကို ဒီလိုမရောင်းနိုင်ခဲ့ပါ။ ဒါကြောင့် စီမံဘဏ္ဍာဟာ စာရေးသူတို့ ပုံမှန်တွေးခေါ်ထားတာထက်အများကြီး တီထွင်ကြံဆပြီး လုပ်နိုင်နေတာ တွေ့ရပါတယ်။ ဒါဆိုရင် အားလုံးကောင်းသွားပြီလား? စာရေးသူအနေနဲ့ ဝန်ကြီးဌာနဟာ အတိုင်းအတာတစ်ခုအထိ လုပ်နိုင်နေတာတွေ့ရပါတယ်။ ဥပမာ ငွေတိုက်စာချုပ်ဆိုရင် ပထမဝယ်ချိန်က ပြန်အမ်းခံရတာတွေရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ဝယ်ပြီးနှစ်ပတ်အတွင်း စာချုပ်ကို email က အချိန်မှန်ရလာတယ်လို့ ကိုယ်တိုင်ဝယ်သူ စာဖတ်ပုရိတ်သတ်တွေ၊ နိုင်ငံခြားက အမျိုးတွေက စာရေးသူကိုပြောကြပါတယ်။ မအလအိမ်လဲ ထို့အတူပါဘဲ။ နောက်ဝယ်ရတာလဲ ယခင်ကထက် လွယ်တယ်လို့ စင်ကာပူ၊ ဥရောပနဲ့ အမေရိကန်ရောက် အမျိုးများက ပြောကြပါတယ်။ ဖုန်းဥပမာနဲ့ဆိုရင် NUG က Vivo ဖုန်းလောက်ကို ထွင်နိုင်နေပြီး Samsung တို့ Apple တို့လောက်တော့ မဖြစ်သေးပါ။


အကျဉ်းချုပ်ရရင် မအလက ဗဟိုချုပ်ကိုင်ထားသလို NUG က ဘာမှအကိုင်မရှိတာမျိုးclicktodonate ဥပမာကနေ အားလုံးသိနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် စာရေးသူက စာဖတ်သူတွေကို clicktodonate ကို ဆက်နှိပ်ဖို့ပြောပြီး NUG ကိုလဲ လိုအပ်တာတွေကို ပြင်နိုင်အောင် ထောက်ပြပါတယ်။ စာဖတ်သူတို့မှာ ရွေးစရာလမ်းက အခြားမရှိပါ။ clicktodonate က BPLA ကို ထောက်ပံ့တာမကြိုက်လို့ ကလစ်မလုပ်နဲ့လို့ပြောရင် NUG ကို ထိခိုက်သွားနိုင်ပါတယ်။ ကလစ်ကျရင် ပြည်သူကို အပြစ်မတင်ဘဲ ကလစ်ကျစေတဲ့အကြောင်းကိုရှာပြီးထောက်ပြဖို့ပါ။ ဆီးရီးယားနဲ့ လစ်ဗျားဥပမာကိုကြည့်ပြီး အမေ့စကားနားထောင်လို့ စည်းလုံးစွာနဲ့ မိမိရဲ့ မတူတဲ့အမြင်တွေကို ဆွေးနွေးပြီး NUG ပိုအားကောင်းအောင် ဝိုင်းတွန်းကြပါလို့သာ ပြောလိုပါတယ်။ စာရေးသူတို့တော်လှန်ရေး ဘယ်လိုအဆုံးသတ်ချင်လဲ ဆီးရီးယားလိုဖြစ်ချင်လား နီပေါလိုဖြစ်ချင်လား ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ ပြည်သူသာာအဓိကပါ။အားလုံးကို ကျေးဇူးတင်ပါတယ်။

146 views1 comment

1 opmerking


kmnyo2
17 mei 2022

ဆရာ ပြောတာအမှန် ပါ ။ကျမ တော့ click လုပ် ရမယ့် အဖွဲ့ တွေများ လါတာ မို့ ကိုယ် ကူနေကျဘဲ ဆက် လုပ် ပါတယ်။ နေ့ ည ပြောင်းပြန် ဖြစ် နေ တာ ကလည်းတခုပါ ။ မနက် မလင်းခင် အလုပ် သွားရပြီး အလုပ်မပြီးမချင်း မလုပ် နိုင်။ လုပ် နိုင်ချိန် ကျတော့အချိန် လွန် သွားပြန် နဲ့ ။ ဘာဘဲ ပြောပြော ကြိုးစားကူနေ ပါတယ်ဆရာ။

Like
bottom of page